မြောက်ဥက္ကလာပမြို့နယ် ဆုတောင်းပြည့်မယ်လမုစေတီတော်၌ အများပြည်သူများ စိတ်အေးချမ်းစွာ လာရောက်ကုသိုလ်ကောင်းမှုပြုသူများစည်ကား

မြောက်ဥက္ကလာပ  နိုဝင်ဘာလ  ၈

တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့)တွင် မြောက်ဥက္ကလာပမြို့နယ်ရှိ ဆုတောင်းပြည့်မယ်လမုစေတီတော်၌ ယမန်နေ့နံနက်မှစ၍ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ကုသိုလ်ပြုသူများ စည်ကားလျက်ရှိကြောင်း သိရသည်။

တန်ဆောင်မုန်းလပြည့်နေ့တွင် မြတ်စွာဘုရားရှင်သည် အဇာတသတ်မင်းအား ရဟန်းဖြစ်ရသည့် အကျိုးတရားများကို ဟောတော်မူသည်။   ရရှိသောအကျိုးများ၊ ရဟန်းတို့၏ အကျင့်သီလ၊ ဈာန်သမာပတ်နှင့် ဝိပဿနာဉာဏ်စဉ်များ အဆင့်ဆင့်တက်လာပြီး လက္ခဏာရေးသုံးပါးကို အထင်အရှားပြကာ  ရဟန္တာများဖြစ်လာပုံကို ဟောကြားထားသောတရားဖြစ်သည်။ တရားမှာနက်နဲသိမ်မွေ့လှပြီး ဘဝသံသရာ၏ ဒုက္ခဆင်းရဲချုပ်ငြိမ်းနိုင်ပုံကို ကွက်ကွက်ကွင်းကွင်း ဟောကြားထားရာ နာကြားရသူအဖို့ နှလုံးစိတ်ဝမ်းအေးချမ်းပြီး ကုသိုလ်၊ အကုသိုလ်၊ ကောင်းမှု၊ မကောင်းမှု၊ ဆင်းရဲမှု၊ ချမ်းသာမှုတို့ကို ကွဲကွဲပြားပြားသိလာသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။

ယနေ့တန်‌ဆောင်မုန်းလပြည့်‌နေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ တန်ခိုးကြီးဘုရားစေတီများ၊ အခြားဘာသာရေးကျောင်းများ၌ အများပြည်သူများ စိတ်အေးချမ်းသာစွာ လာရောက်ဝတ်ပြုကြည်ညိုလျက် ကုသိုလ်ကောင်းမှုပြုကြကြောင်း၊ ဘုရားဖူးလာ၊ သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များနှင့် ဘုရားဖူးလာပြည်သူများက ဖူးမျှော်ကြည်ညိုကုသိုလ်ကောင်းမှုပြုသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)