အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနား မလှိုင်မြို့၌ ကျင်းပ

မလှိုင် နိုဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး ၊ မလှိုင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ(၇)ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရှိရသည်။

ရှေးဦးစွာ သက်တော်ရှည် မိုးကောင်းကျောင်းတိုက်ဆရာတော်၊ မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ နှင့် အကျိုးတော်ဆောင် ဆရာတော်တို့အား အာရုဏ်ဆွမ်းများဆက်ကပ်ပြီး  နဝကမ္မ အလှူတော်ငွေများ လှူဒါန်းခဲ့သည်။ ထို့နောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ သမိုင်းကြောင်းများကို ရှင်းလင်းပြောကြားပြီးနောက် လူမှုစီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းစွမ်းတမံကြိုးစား ဆောင်ရွက်ခဲ့ကြသော စာရေးဝန်ထမ်းနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ယင်းနောက် ဝန်ထမ်းလုပ်သက် (၃၅) နှစ်ကျော် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သော အငယ်တန်းစာရေး ဒေါ်ဖြူဖြူသွင်အား အကြီးတန်းစာရေး ရာထူး အဆင့်တိုးမြှင့်သည့် ရင်ထိုးတံဆိပ်အား တပ်ဆင်ဂုဏ်ပြုပေးခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အငြိမ်းစား ဝန်ထမ်း(၁၁)ဦးအား အမှတ်တရ လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ယင်းနောက် (၃၄)နှစ်မြောက်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ရေနီကျေးရွာအုပ်စု ၊ ကံကလေး ကျေးရွာ ဘာသာရေး၊ လူမှုရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကာလတန်ဖိုးငွေကျပ် (၇)သိန်း တန်ဖိုးရှိ(၁၂)ပြည်ဆံ့ ထမင်းပေါင်းအိုး လှူဒါန်းခြင်း၊ ကံကလေး ကျောင်းဆရာတော် ဘဒ္ဒန္တဇာနေယျအား လှူဖွယ်ပစ္စည်းနှင့်နဝကမ္မ အလှူငွေများ နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  လှူဒါန်းခြင်း များဆောင်ရွက်ခဲ့ပြီး  လှူဒါန်းမှု   အစုစုတွက် ရေစက်ချတရား ဆရာတော်ထံမှ နာယူကာ   မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် နှင့် ဝန်ထမ်းများက  အမျှအတန်းများ ပေးဝေခဲ့ကြပြီး  ပြည်လုံးချမ်းသာ ကမ္ဘာအေး ဆုတောင်းပြည့်စေတီတော်မြတ် ပရဝုဏ်အတွင်း ဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေး ကုသိုလ်ပြုဆောင်ရွက်ခဲ့ကြောင်းသိရသည်။ 

အောင်ဌေး(မလှိုင်)