သမိုင်းဝင်ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်(၃၈)ကြိမ်မြောက် မသိုးရွှေကြာသင်္ကန်း ရက်လုပ်ကပ်လှူပူဇော်ပွဲကျင်းပ

ဗိုလ်တထောင် နိုဝင်ဘာ ၈

သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီတော်(၃၈)ကြိမ်မြောက် မသိုးသင်္ကန်း ရက်ခတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းနားကို ယမနနေ့ ညနေ(၅)နာရီတွင် ဗိုလ်တထောင်မြို့နယ် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ရင်ပြင်တော်၌ကျင်းပသည်။ အဆိုပါ အခမ်းအနားကို” နမောတဿ”သုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားပြီး ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီ ဘဏ္ဍာထိန်းအလှည့်ကျသဘာပတိ ဦးအောင်မြတ်က စီစဉ်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာအကြီးအကဲများ၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး မသိုးရွှေကြာသင်္ကန်း ရက်ခတ်ပြိုင်ပွဲအား အချက်ပေးခေါင်းလောင်းတီး၍ စတင်ရက်ခတ်ပူဇော်ကြသည်။ မသိုးရွှေကြာ သင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပူဇော်ပွဲသို့ စင်တော်(၂၄) စင် ဝင်ရောက်ယှဉ်ပြိုင်ကြရာ မင်္ဂလာဆိုင်းဝိုင်းတော်မှ သီဆိုတီးခေတ် ဖျော်ဖြေပေးကြောင်း သိရသည်။

ခင်မြတ်သူ (ဗိုလ်တထောင်)