ကော့ကရိတ်မြို့၌နှစ် (၁၀၀)ပြည့်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲစည်းကားစွာကျင်းပ

ကော့ကရိတ် နိုဝင်ဘာ ၈

မြန်မာ့ဆယ်နှစ်လရာသီတွင် တန်းဆောင်းမုန်းလ၏ ထင်ရှားသည့်ပွဲတော်တစ်ခုဖြစ်သည့် ကထိန်ခင်းခြင်း(ဝါ) ကထိန်သင်္ကန်းကပ်လှူသည့် ကထိန်ပွဲများသည် အမြို့မြို့အနယ်နယ်ရှိ မြို့ပြကျေးရွာတို့တွင် ကျင်းပလျက်ရှိရာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၄)ရပ်ကွက်ရှိ တောင်ပေါ်ကျောင်းတိုက်တွင် နှစ်(၁၀၀)ပြည့် စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့တန်ဆောင်းမုန်းလပြည့်နေ့နံနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းမဟာဘုံကထိန်သို့လာရောက်ကြသော ဧည့်ပရိသတ်အပေါင်းတို့အား နံနက်ပိုင်းမှစ၍ စတုဒိတာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။ ထို့နောက် မွန်းလွဲ(၁)နာရီချိန်တွင် နှစ်(၁၀၀)ပြည့်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကိုကျင်းပရာ တက်ရောက်လာသော ဆရာတော်၊ သံဃာတော်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဧည့်ပရိသတ်အပေါင်းတို့က နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး၊ မုဒုံမြို့၊ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလမှ ငါးပါးသီလ ဆောက်တည်ခံယူပြီး သံဃာတော်အရှင်သူမြတ်ထံမှ ပရိတ်တရားတော်များနာယူခဲ့ကြသည်။

ယင်းနောက် အလှူရှင်များက ဆရာတော်၊ ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ မုဒုံမြို့၊ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိမလဆရာတော်ထံမှ ရေစက်သွန်းချ အနုမောဒနာတရားနာယူခဲ့ကြသည်။ အဆိုပါ ကော့ကရိတ်မြို့ တောင်ပေါ်ကျောင်းတိုက်စုပေါင်းမဟာဘုံကထိန်သည် ယခုနစ်နှစ်(၁၀၀)ပြည့် စုပေါင်းမဟာဘုံကထိန်ဖြစ်ပြီး ပြည်သူများ ဘုရားဖူးခြင်း၊ ကထိန်တရားနာယူခြင်းများဖြင့် စည်းကားလျက်ရှိကြောင်း သိရသည်။

ခင်မျိုးဝင်း