မတ္တရာ နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် အမှတ်(၅)ရပ်ကွက် ရွှေဘုန်းတောက်နေပူခံဘုရား ဗုဒ္ဓတစ်ထောင် ကံ့ကော်တစ်ထောင်တွင် ပူဇော်ထားရှိမည့် ဆင်းတုတော် ၅၀၀ ဆူအား အနေကဇာတင်မင်္ဂလာကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါဘုရားရင်ပြင်တော်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဆရာတော်ကြီးများမှ ဗုဒ္ဓတစ်ထောင် ကံ့ကော်တစ်ထောင်တွင် ပူဇော်ထားရှိမည့် ဆင်းတုတော် ၅၀၀ ဆူတို့အား အနေကဇာတင်မင်္ဂလာကျင်းပပြုလုပ်ခဲ့ပြီး ရွှေအုန်းပင်ကျောင်းတိုက် ဆရာတော်ကြီးမှ ရေစက်ချအနုမောဒနာတရားကိုချီးမြှင့်ခဲ့ပြီး လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် အလှူရှင်များမှ ဗုဒ္ဓဆင်းတုတော်များအား ပုလ္လင်တော်အသီးသီးသို့ ပင့်ဆောင်ပူဇော်ခဲ့ကြသည်။
အဆိုပါ ရွှေဘုန်းတောက်နေပူခံဘုရားတွင် ဗုဒ္ဓတစ်ထောင် ကံ့ကော်တစ်ထောင် တည်ထားကိုးကွယ်ရန် ရည်ရွယ်ထားသော်လည်း ပါဝင်လှူဒါန်းလိုသူများပြားလာသည့်အတွက် ဆင်းတုတော်အဆူ ၂၀၀၀ နီးပါး အလှူခံရရှိပြီးဖြစ်ကြောင်းနှင့် ယနေ့အထိ ဆင်းတုတော် ၁၀၀၀ အား ပူဇော်ထားရှိပြီးဖြစ်သည်။ အဆိုပါဘုရားသို့ ဘုရားဖူးပြည်သူများ စည်ကားလျက်ရှိရာ လာရောက်ကြသောဧည့်ပရိသတ်အပေါင်းအား စတုဒိသာအာဟာရများဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရသည်။
စိုးကျော်သူထွေး(မတ္တရာ)