တနင်္သာရီ နိုဝင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော (၃၁)ကြိမ်မြောက် မြို့နယ်အဆင့်ဌာနဆိုင်ရာများစုပေါင်း မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က သဘာဝဘိုးဘွားရိပ်သာကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတသုံးကြိမ် ရွတ်ဆိုဖွင့်လှစ်ပြီးနောက် သဘာဝ ဘိုးဘွားရိပ်သာ ဆရာတော်ဘဒ္ဒန္တသုန္ဒရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ကထိန်အနုမောဒနာ တရားတော်များကို နာယူကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်သက်ထူးနှင့် ဇနီးဒေါ်မြတ်စုဝင်းတို့က သဘာဝ ဘိုးဘွားရိပ်သာ ဆရာတော်ဘဒ္ဒသုန္ဒရအား ကထိန်မြတ်သင်္ကန်းကို ဆက်ကပ် လှူဒါန်း၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အလှူရှင်များက ကထိန်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း ခဲ့ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ဆက်လက်ပြီး စုပေါင်းမဟာဘုံကထိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ လှူဒါန်းထားသော အလှူငွေ (၆၁၄၃၅၀၀/-)ကျပ်ကို ကျောင်းပေါင်း(၃၈)ကျောင်းသို့ ဆက်ကပ်လှုဒါန်းခဲ့ပါကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)