နောင်ချိုမြို့နယ်တွင် မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာစိုက်ထူခြင်းများဆောင်ရွက်

နောင်ချို နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာများစိုက်ထူ၍ အသိပညာပေးခြင်းများကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးအောင်မြင့်ဦးနှင့် ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ လူစည်ကားရာနေရာများဖြစ်သည့် နောင်ချို-ရပ်စောက်သွား ကားလမ်းမပေါ်ရှိ ခရီးသွားပြည်သူများ၊ မြို့နယ်ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ၆၆/၆(အထစ)နှင့်ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက် လက်ကမ်းစာစောင်စောင်ရေ(၂၅၀)ကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ နောင်ချိုမြို့မဈေးတွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေ စာရင်းပုံစံ ၆၆/၆(အထစ)နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန်အတွက် ဗီနိုင်းပိုစတာများစိုက်ထူ၍ အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထွေးငယ်