ကျောက်ဆည် နိုဝင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ဒေသတွင်း ဆန်းစပါး ဖူလုံပိုလျှံစေရန်အတွက် ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်ဧကစပါး တင်း(၁၀၀)ထွက်ရှိရေး သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးထားသော မနောသုခ စပါး ဧက(၅၀)အောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး ကျောက်ဆည်မြို့နယ်တွင် မိုးစပါး စုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
သိပ္ပံနည်းကျစနစ်ဖြင့် စိုက်ပျိုးထားသော မနောသုခစပါး ဧက(၅၀)ကို စပါယ်တောကျေးရွာအုပ်စု၊ မဲကုန်းကျေးရွာမှ ကွင်အမှတ်(၃၀၁)၊ ဦးပိုင်အမှတ်(၄၉-က) တောင်သူဦးမျိုးမြင့်၏ လယ်မြေ (၁၂) ဧကနှင့် အခြားတောင်သူ(၁၁)၏ လယ်မြေများတွင် စိုက်ပျိုးထားပြီး တစ်ဧကစာအတွက် စပါးမျိုး တစ်တင်းနှုန်းဖြင့် ပျိုးထောင်ခဲ့ကာ တင်း(၁၀၀)ထွက်ရှိရေး စပါးပျိုးသက်(၂၅)ရက်သား အရွယ်တွင် ပြောင်းရွေ့ပြီးစိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးရာတွင် ကောက်ကွက်တစ်ကွက်တွင် ပျိုးပင်(၂)ပင်မှ (၃)ပင် နှုန်းဖြင့် တန်းကြား(၈)လက်မ၊ ပင်ကြား(၆)လက်မ စိုက်ပျိုးခဲ့ကြောင်း၊ စိုက်ပျိုးပြီး(၁၅)ရက်တွင် ရေတင်ခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်း၊ တမန်းနှိုးခြင်းနှင့် ကောက်ကွက်ဖာခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ သက်တမ်း (၄၅) ရက်တွင် ဒုတိယအကြိမ် ရေသွင်းခြင်း၊ မြေဩဇာကျွေးခြင်း၊ ပေါင်းနှုတ်ခြင်းများ ဆောင်ရွက်ပြီး (၆၅) ရက် သန္ဓေကပ်ချိန်နှင့် သက်တမ်း (၁၀၅)ရက်တွင် မြေဩဇာ ကျွေးခြင်းများ ထပ်မံပြုလုပ် သွားမည်ဖြစ်ပြီး ရက်ပေါင်း(၁၃၅)ရက် ကျော်လွန်ပါက စပါးများ စတင်ရိတ်သိမ်းမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်၌ မိုးစပါးများကို နွားတက်၊ ကွမ်းဆေး၊ အထက်လင်းဇင်း၊ ငပြောင်၊ သင်းတွဲ၊ သင်းဒီး၊ မင်းရဲ၊ ဇီးတော၊ တမုတ်၊ ထုံးကြီး၊ စမာ ရေးပေးဝေမြောင်းများမှ မြောင်းရေသောက်စနစ်ဖြင့် (၃၅၉၉၄)ဧက၊ ကင်းတားဆည်ရေသောက်စနစ်ဖြင့် (၁၆၀၂၇)ဧက၊ သစ်တက္ကုန်းဆည်ရေ သောက်စနစ်ဖြင့် (၄၃၆)ဧက၊ မိုးကောင်းသောက်(မိုးရေ)ဖြင့် (၂၅၀)ဧက၊ မြေအောက်ရေ (စက်ရေတွင်း) ဖြင့် (၁၁၀)ဧက စုစုပေါင်း (၅၂၈၁၇)ဧက စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရပြီး စပါးစိုက်ခင်းများအောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့် ပူးပေါင်းကာ နည်းပညာများ ကူညီဖြည့်ဆည်းပေးလျက်ရှိပြီး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သီးနှံများ အောင်မြင်သည်အထိ စိုက်ပျိုးရေများ ပေးဝေသွားမည် ဖြစ်ကြောင်း သိရသည်။
သက်မောင်