နမ္မတူမြို့နယ်တွင် (၃၂) ကြိမ်မြောက် မြို့နယ်လုံးကျွတ် စုပေါင်းမဟာဘုံကထိန်ပွဲ အခမ်းအနား ကျင်းပ

နမ္မတူ    နိုဝင်ဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌန၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ စိတ်စေတနာ သဒ္ဒါတရား ထက်သန်စွာဖြင့် ပါဝင် လှုဒါန်းကြသည့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ NGO အဖွဲ့အစည်းများ၊ မြို့နယ်အတွင်း အခြေစိုက် လုပ်ကိုင်နေသော ကုမ္ပဏီများ စုပေါင်း၍ မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်ပွဲအခမ်းအနားကို  ယနေ့နံနက် (၉)နာရီအချိန်က နမ္မတူမြို့နယ် မြို့လယ်ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားကို ရှေ့ဦးစွာ နမောတဿ (၃) ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး၊ မြတ်စွာဘုရားရှင်နှင့်တကွ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဩကာသ ကန်တော့ချိုးဖြင့် ညီညာဖြဖြရှိခိုး ကန်တော့၍ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံသို့ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြကာ၊ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး၊ ဆရာတော် သံဃာတော် အရှင်သူမြတ်တို့ထံမှ တရားတော်များ နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဆရာတော် သံဃာတော်များအား နေ့ဆွမ်းထမင်း၊ ဆွမ်းဟင်းများနှင့် အချိုပွဲများ ဆက်ကပ်လှူဒါန်း ခဲ့သည်။

ဆက်လက်၍ မြတ်စွာဘုရားရှင်နှင့်တကွ ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ဩကာသ ကန်တော့ချိုးဖြင့် ဒုတိယအကြိမ်ညီညာဖြဖြရှိခိုးကန်တော့၍ ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ် ရွက်ဆိုပူဇော်ကာ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

နမ္မတူမြို့နယ်၏ မြို့နယ်လုံးကျွတ်စုပေါင်းမဟာဘုံကထိန်အလှူတွင် ပဒေသာပင်ပေါင်း (၅၃)ပင်၊ ပစ္စည်းနှင့် ငွေသားတန်ဖိုးစုစုပေါင်း နှစ်ရာ့လေးဆယ့်လေးသိန်းငါးသောင်းကိုးထောင့် ခြောက်ရာ ကျပ်တန်ဖိုးရှိ လှူဘွယ်ပစ္စည်း အစုစုတို့အား မြို့နယ်အတွင်းရှိ ကထိန်မရရှိသည့် ဘုန်းတော်ကြီးကျောင်း (၂၂)ကျောင်းသို့ တစ်ကျောင်းလျှင် အနည်းဆုံး ငွေကျပ် ခုသိန်းရှစ်သောင်း ခြောက်ထောင်ကျပ် တန်ဖိုးရှိ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့်လည်းကောင်း၊ အများဆုံး ငွေကျပ်တစ်ဆယ့် ခြောက်သိန်းတစ်သောင်းတစ်ထောင့်ငါးရာကျပ်တန်ဖိုးရှိ လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့်လည်းကောင်း မဲစနစ်ဖြင့်ခွဲဝေလှူဒါန်းခဲ့ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက သိရသည်။

လူမော် (ပြန်/ဆက်)