ငွေတောင်ဦးကျောင်းတိုက်၊ သီရီမင်္ဂလာကျောင်းတိုက်၊ သိန်းဖျံကျေးရွာ၌ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပ

ကာလိ နိုဝင်ဘာ ၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက်၊ သိန်းဖျံကျေးရွာ၌ သတ္တမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ ပဒေသာပင်များကို ကာလိအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှစတင်၍ မြို့တွင်းသို့ လှည့်လည်အပူဇော်ခံပြီး ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြသည်။ အခမ်းအနားသို့ ငွေတောင်ဦးသီရိမင်္ဂလာကျောင်းထိုင်ဆရာတော် ဉူးဝိစိတ္တနှင့် ပင့်ဖိတ်ထားသော ဆရာတော်၊ သံဃာတော်(၁၅)ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး ကာလိမြို့အမှတ်(၁၅၁) ခြေလျင်တပ်ရင်း တပ်ရင်းမိသားစု၊ ကာလိမြို့အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဈေးသူ၊ ဈေးသားများ၊ ကျောင်းဒါယိကာ၊ ဒါယိကာမများနှင့် ဂေါပကအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို “နမောတဿ” (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဉူးဝိစိတ္တနှင့် ဆရာတော်၊ သံဃာတော်များထံ ကထိန်သင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများကို အသီးသီးဆက်ကပ်လှူဒါန်းကြသည်။

ယင်းနောက် ငွေတောင်ဦးသီရိမင်္ဂလာကျောင်းတိုက် ဆရာတော် ဉူးဝိစိတ္တမှ “ကထိန်ဘာကြောင့်ခင်းရတယ်” တရားတော်ကိုဟောကြားခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှဝေကြပြီး အခမ်းအနားကိုရုတ်သိမ်းလိုက်သည်။ ကြွရောက်လာကြသည့် အလှူရှင်များက ရွှေမိုး ငွေမိုးရွာသွန်းပေးခဲ့ကြသည်။

ယမန်နေ့က ကျင်းပပြုလုပ်သည့် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားတွင် ပဒေသာပင်(၈)ခုဖြစ်သဖြင့် ပစ္စည်းနှင့်လှူဒါန်းငွေစုစုပေါင်းမှာ ကျပ်သိန်း(၇၀)ကျော်ဖြစ်ကြောင်း သိရသည်။

ထင်ထင်