မိုင်းယုမြို့၊ ဆမ်မိန်းကျေးရွာ၌ (၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်း

မိုင်းယု နိုဝင်ဘာ ၆

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့်ကျေးရွာအုပ်စု၊ ဆမ်မိန်းကျေးရွာတွင် ပညာရေးမိသားစုများနှင့် ဆမ်မိန်းကျေးရွာပြည်သူတို့မှ စုပေါင်းပြုလုပ်သည့် (၉)ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဆမ်မိန်းကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

အဆိုပါ မဟာဘုံကထိန်ဆက်ကပ်မှုတွင် မိုင်းယောင်းနှင့်မိုင်းယုမြို့ရှိ ပညာရေးဌာန မိသားစုဝင်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူတို့မှ စုပေါင်းပြုလုပ်ထားသော  ပဒေသာပင် ၂၁ ပင်တို့အား ၉ နာရီခန့်က ယင်းကျေးရွာတစ်လျှောက်လှည့်လည်အပူဇော်ခံခဲ့ကြသည်။

လှည့်လည်အပူဇော်ခံမှုအပြီး ဆမ်မိန်းကျောင်းတိုက်အတွင်း၌ ဘုရားကန်တော့ခြင်း၊ ဆမ်မိန်းကျောင်း တိုက်ဆရာတော် ဦးသုမင်္ဂလထံမှ ဌာနဆိုင်ရာများ၊ ပညာရေးမိသားစုများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူတို့မှ ငါးပါသီလခံယူကြခြင်း၊ တရားတော်များ ရွတ်ပွားသရဇ္ဈာယ်ခြင်း၊ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့နောက် အနုမောဒနာတရားနာကြားကြခြင်း၊ ကထိန်လျာသင်္ကန်းများ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် အကျွေးအမွေးတို့အတွက် စုစုပေါင်းလှူဒါန်း ကုန်ကျငွေ ကျပ်သိန်း (၁၃၀) ကျော် တန်ဖိုးအား အလှူရှင်တို့မှ ရေစက်သွန်းချအမျှဝေကြခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့အား ဆွမ်းဆက် ကပ်ခြင်းတို့ဖြင့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုကိုနိုင်