ဇမ္ဗူသီရိ နိုဝင်ဘာ ၆
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၃/၂၀၂၂ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်ဇမ္ဗူရပ်ကွက်၊ အမှတ် (၂၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌ ဦးအောင်ချို၊ ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါ်ခင်ခင်လှ၊ ဇမ္ဗူသီရိမြို့နယ်ပညာရေးမှူး ဦးဝင်းနိုင်၊ နေပြည်တော်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်အသင်းခွဲ အမှုဆောင်အဖွဲ့ဝင်များနှင့် ကြက်ခြေနီ အသင်းဝင်များ၊ ဒုတိယတိုင်းတပ်ဖွဲ့မှူး၊ ခရိုင်တပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် သင်တန်းသား/ သူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ဘင်ခရာအဖွဲ့နှင့် သင်တန်းသား/သင်တန်းသူများက ဂုဏ်ပြုအလေးပြုခြင်း၊ တေး သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ထို့နောက် နေပြည်တော်ကြက်ခြေနီကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုက မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် အမျိုးသားအသင်း၏ တာဝန်ဝတ္တရားဖြစ်သည့် လူမှုဂရုဏာလုပ်ငန်းများကို ဆင်းရဲဒုက္ခ နည်းပါးသက်သာစေရန် ရည်ရွယ်ချက်ဖြင့် ကျန်းမာရေးမြှင့်တင်ခြင်း၊ ရောဂါဘေးတားဆီးရန်၊ ဘေးဒုက္ခ ကျရောက် သူများကို ကူညီပေးရန် အစရှိသည့် လုပ်ငန်းစဉ် (၃) ရပ်ချမှတ်ပြီး နိုင်ငံတစ်ဝန်းလုံးရှိ ကြက်ခြေနီစေတနာလုပ်အားရှင်များ၏ စွမ်းပကားဖြင့် ဘေးဒုက္ခကျရောက်လွယ်သူများအတွက် အကူအညီပေးနိုင်သည့် စွမ်းဆောင်ရည် ပြည့်ဝသော အမျိုးသားအသင်းကြီးဖြစ်လာစေရန် မျှော်မှန်းလျက် ဆောင်ရွက်နေသော လူမှုဂရုဏာအသင်းကြီးဖြစ်ပါကြောင်း၊ ကြက်ခြေနီ အသင်းတွင် ရာသက်ပန်အသင်းဝင်၊ သာမန်အသင်းဝင်နှင့် တပ်ဖွဲ့ဝင်အသင်းဆိုပြီး အသင်းဝင် အမျိုးအစား (၃) မျိုးရှိကာ ကြက်ခြေနီလူမှုဂရုဏာလုပ်ငန်းများကို စိတ်ပါဝင်စားသူ မည်သူမဆို အသင်းဝင်ရောက်နိုင်ပြီး အသင်း၏ စေတနာလုပ်အားရှင် မူဝါဒအတိုင်း စေတနာလုပ်အားရှင်၏ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းနှင့် စေတနာ လုပ်အားရှင်၏ အခွင့်အရေးများ ရရှိခံစား နိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးက သင်တန်းဆင်း အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းသား/သင်တန်းသူများက ရှေးဦးပြုစုခြင်း(တစ်ဦးချင်း)၊ လေးယောက်တွဲ ထမ်းစင်သရုပ်ပြသခြင်းများကို ဆောင် ရွက်ခဲ့ကြသည်။ ထို့နောက် နေပြည်တော် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တဝန်ရှိသူများက သင်တန်းနည်းပြဆရာများ၊ သင်တန်းလက်ထောက် များ၊ အလှူရှင်များနှင့် ဆုရရှိသည့် သင်တန်းသား/သင်တန်းသူများအား သင်တန်းဆင်းအောင် လက်မှတ်များနှင့် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
အဆိုပါ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း ၃/၂၀၂၂ ကို အမှတ် (၂၂) အခြေခံပညာ အထက်တန်းကျောင်း၌ အောက်တိုဘာလ ၂၂ ရက်နေ့မှ စတင်ကာ (၅) ရက်တာ ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)