ဝမ်းတွင်းမြို့နယ်တွင် ဒုတိယအကြိမ်မြောက် မိုးပေါ်ကျစုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပ

ဝမ်းတွင်း နိုဝင်ဘာ ၄

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် ယနေ့နံနက်(၉)နာရီအချိန်က သဲတာ(၁)ရပ်ကွက် မြဘုန်းရှင်ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကကြီးမှူး၍ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ အလှူရှင်များပါဝင်လှူဒါန်းသော စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ သုံကြိမ်ရွတ်ဆိုဘုရားကန်တော့ကာ ဖွင့်လှစ်ခဲ့ပြီး ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်အပေါင်းက မြဘုန်းရှင်ကျောင်းတိုက်ဆရာတော်ကြီးထံမှ ငါးပါးသီလဆောက် တည်ကာ သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူခဲ့ကြပြီး ဆရာတော်ကြီးများအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက် မိုးပေါ်ကျစုပေါင်းမဟာဘုံကထိန်တော်တွင် မြို့နယ်အတွင်းရှိ ကထိန်မရရှိသည့် ကျောင်းများဖြစ်သည့် ရာသင်္ချာကျောင်း၊ မန်းကျည်းညီနောင်ကျောင်း၊ ကံကြီးကျောင်း၊ လေးမျက်နာကျောင်း၊ ရွှေအုန်းပင်ကျောင်း၊ ဘုရားကြီးကျောင်း၊ ကိုးပင်ကျောင်း(ကျွဲတပ်)၊ တောရကျောင်း၊ စားမြဲတောင်ကျောင်း၊ ဥတ္တရာမကျောင်း၊ သိမ်တော်ကျောင်း စသည့် ဘုန်းကြီးကျောင်း(၁၁)ကျောင်းများမှ ဆရာတော်ကြီးများအား ပဒေသာပင်(၃၄)ခု၊ အလှူငွေ(၅၅၆၆၀၀၀)ကျပ်၊ ပစ္စည်းတန်ဖိုး (၅၅၃၀၁၀၀)ကျပ်၊ စုစုပေါင်းတန်ဖိုး(၁၁၀၉၆၁၀၀)ကျပ်ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်အပေါင်းတို့မှ ဆရာတော် သံဃာတော်များထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်းအမျှပေးဝေခဲ့ကြပြီး အခမ်းအနာကို ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုတိယအကြိမ်မြောက် မိုးပေါ်ကျစုပေါင်းမဟာဘုံကထိန်ပွဲတော် ကျင်းပခြင်းအခမ်းအနားသို့ ခေတ္တမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)