ပင်လောင်းမြို့တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပင်လောင်း နိုဝင်ဘာ  ၄

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ပင်လောင်းမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ရိုင်း)တွင် ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အလက(ရိုင်း)မှ ကျောင်းအုပ်ဆရာကြီး ဦးသက်နိုင်ဦးက အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းလင်းက ကိုလိုနီခေတ်တွင် "ကျွန်ပညာရေး" စနစ်မှသည် "သခင်ပညာရေး" စနစ်ဖြစ်ပေါ်လာစေရန် မျိုးချစ်ကျောင်းသားခေါင်းဆောင်ကြီးများ၏ အသက်၊ သွေး၊ ချွေးများရင်းနှီးခဲ့ရသည့် အကြောင်းရင်းများ၊ အမျိုးသားကျောင်းများ နိုင်ငံတစ်ဝှမ်းပေါ်ထွန်းလာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့ရပုံများ၊ ဝိုင်အမ်ဘီအေအသင်းကြီးတွင် တာဝန်ထမ်းဆောင်ခဲ့သူများအကြောင်း၊ ဂျီစီဘီအေအသင်းချုပ်ကြီးက သပိတ်မှောက်ကျောင်းသားများအား ကူညီဆောင်ရွက်ပေးခဲ့သည့်အကြောင်းများ၊ ဗဟန်းမြို့နယ်ရွှေကျင်ကျောင်းတိုက်၌ အမျိုးသားကောလိပ်စတင်ဖွင့်လှစ်နိုင်ခဲ့မှု အခြေအနေများ၊ အမျိုးသားကျောင်းများတွင် ပညာလေ့လာဆည်းပူးခဲ့သည့် မျိုးချစ်ခေါင်းဆောင်ကြီးများအကြောင်းနှင့် အမျိုးသားနေ့ဖြစ်ပေါ်လာပုံအကြောင်းများ ဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဦးခွန်ရဲမင်းပိုင်ကကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာခြင်းဖြင့် ဗဟုသုတစုံလင်စွာရရှိနိုင်စေမည်ဖြစ်ကြောင်း၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိလာစေရန် စာပေလေ့လာဖတ်ရှုသည့် နည်းလမ်းများအား ဖတ်ကြားဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် အမျိုးသားနေ့နှင့်ပတ်သက်သက်သည့် အထင်ကရပုဂ္ဂိုလ်များ၏ မှတ်တမ်းဓာတ်ပုံများ၊ ကျောင်းသားခေါင်းဆောင်များ၏ အမည်စာရင်းများ၊ ဆောင်းပါး၊ ကဗျာ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်တစားကြည့်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)