မြစ်သား နိုဝင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မိခင်နှင့် ကလေးကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဆရာမများနှင့် သားဖွားဆရာမတို့မှ မြစ်သားမြို့ပေါ် (၆) ရပ်ကွက်မှ ကိုယ်ဝန်ဆောင်မိခင်များ နှင့်မွေးကင်းစမှ(၁)နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို နိုဝင်ဘာလ (၃)ရက်မှ(၄)ရက်နေ့အထိ အဆိုပါ မိခင်နှင့် ကလေးကျန်းမာရေးဌာနရုံးခန်းတွင် ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးငယ်များအား ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးရာတွင် မွေးကင်းစမှအသက်(၁)နှစ်ခွဲထိ ကလေးငယ်များအား ပေါင်ချိန်ပေးခြင်း အသက်ရွယ်အလိုက် အသဲရောင်အသာဝါ(ဘီ)ဘီစီဂျီရောဂါ၊ ဆုံဆိုကြက်ညာရောဂါ၊ မေးခိုင်ရောဂါ၊ အသည်းရောင် အသားဝါ(ဘီ)ရောဂါ၊ ဦးနှောက်အမေးရောင် ရောဂါ (ငါးမျိုးစပ်) ပြင်းထန်အဆုပ်ရောင်ရောဂါကာကွယ်ဆေးများအား ပထမကြိမ်၊ ဒုတိယကြိမ်နှင့် တတိယကြိမ်များ ထိုးနှံပေးခြင်း၊ ပိုလီယိုရောဂါ၊ ဂျပန်ဦးနှောက်ရောဂါ ၊ ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေးများကို ထိုးနှံပေးခြင်းနှင့် ပြင်းထန်ဝမ်းပျက်/ ဝမ်းလျှော (ရိုတာကာကွယ်ဆေး) တိုက်ကျွေးခြင်းများကို မိခင်နှင့်ကလေး (၂၁၉)ဦးအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးမိခင်များကို ကျန်းမာရေး စစ်ဆေးပေးခြင်း ၊ မေးခိုင်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
သီတာအောင်(မြစ်သား)