လိပ်သို နိုဝင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လိပ်သိုမြို့တွင် ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားရေးအတွက် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောခြင်း၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင် ပြသဆောင်ရွက် ခြင်းကို နိုဝင်ဘာလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က လိပ်သိုမြို့ အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းဆောင်ရွက်ရာတွင် ရှေးဦးစွာ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က မျိုးချစ်စိတ်ဓာတ်နှင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကို အသိပညာပေး ရှင်းလင်းဆွေးနွေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား/ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြသ ဆောင်ရွက်ထားရှိမှုများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား/ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေ ရေးအတွက် ယခုကဲ့သို့ နယ်လှည့်စာကြည့်တိုက်များ လိုက်လံဖွင့်လှစ်ပေးခြင်း၊ နေ့ထူးရက်မြတ် များနှင့် အထိမ်းအမှတ်နေ့ရက်များအလိုက် ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ပြုလုပ်ပေးခြင်းတို့ကို စဉ်ဆက် မပြတ် လိုက်လံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)