ဆိပ်ဖြူ နိုဝင်ဘာ ၃
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်မှ ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်သော တောင်သူများသည် ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်မှုမှ ရရှိသောကြက်သွန်များ ဈေးကောင်းရှိရန် မျှော်လင့်ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်မှ ဒေသခံပြည်သူများသည် မိသားစုဝင်ငွေအဖြစ် ဆောင်းသီးနှံ ကြက်သွန်နီ စိုက်ပျိုးထုတ်လုပ်မှုကို အဓိကထားစိုက်ပျိုးဆောင်ရွက်ကြသည်။ ကြက်သွန်နီ စိုက်ပျိုးမှုကို ကိုင်းမြေ၊ ကုန်းစိုက်ခင်း၊ ချောင်းမြေများ၌ မြေပြင် ရေသွင်း စိုက်ပျိုးကြရပြီး ပုံမှန်စိုက်ပျိုးမှုအနေဖြင့် နှစ်စဉ် အောက်တိုဘာလတွင် ကြက်သွန်နီဥစိုက် (ဇော်မွှား နှင့် ကြမ်းကျွံ ) များကို စတင်စိုက်ပျိုးဆောင်ရွက်ခြင်း၊ ကြက်သွန်နီ ပျိုးစေ့များကို ဒီဇင်ဘာလ အတွင်းကြက်သွန်နီ အပင်စိုက်၊ စိုက်ပျိုးနိုင်ရန် ပျိုးထောင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ကြကြောင်း သိရသည်။
ကြက်သွန်နီစိုက်ပျိုးထုတ်လုပ်ရာတွင် ယခင်နှစ်ထက်တောင်သူများပိုမိုများလာကြောင်း၊ လက်ရှိ ကြက်သွန်နီဈေးနှုန်းမှာ ဆိပ်ဖြူကြက်သွန်နီ ကုန်စည်ဒိုင်၌ တစ်ပိဿာလျှင် အမြင့်ဆုံးဈေး ၃၅၅၀ ကျပ်ရှိပြီး၊ အနိမ့်ဆုံးဈေးမှာ ၂၇၀၀ ကျပ် အထိရှိကြောင်း၊ လက်ရှိအချိန်တွင် ကြက်သွန်နီ ဈေးမြင့်မားနေသလို မျိုးဈေးမှာ မြင့်မားလျက်ရှိကြောင်း သွင်းအားစုမြေဩဇာ၊ စက်သုံးဆီဈေးနှုန်း များလည်း မြင့်မားလျှက်ရှိကြောင်း လက်ရှိကြက်သွန်နီဈေးမြင့်မားနေသည့်အတွက် ကြက်သွန်နီ အသစ်ဈေးရရှိနိုင်သည့်အတွက် ကြက်သွန်စိုက်ပျိုးမှုကို တောင်သူများက စိတ်ဝင်စားမှုရှိသလို ဈေးကောင်းရရန်အတွက်လည်း တောင်သူများမျော်လင့်မိကြောင်း လက်ရှိစိုက်ပျိုးနေသည့် ကြက်သွန်နီ ဥစိုက်များမှာ ဒီဇင်ဘာလအတွင်း ပြန်လည်တူးဖော်ကြရမည်ဖြစ်ပြီး၊ ကြက်သွန်နီ အပင်စိုက်ကို ဒီဇင်ဘာလမှ စတင်စိုက်ပျိုးကြမည်ဖြစ်ကြောင်း ကြက်သွန်နီ အပင်စိုက်မှထွက်ရှိမည့် ကြက်သွန်ထုတ်ကုန်များကို မတ်လနှင့် ဧပြီလတို့တွင် ပြန်လည်တူးဖော်ကြရကြောင်း ၊ကြက်သွန်နီ အပင်စိုက်မှ ထွက်ရှိသော ကြက်သွန်နီများကို နှစ်ပတ်လည် ပြည်တွင်းနှင့် ပြည်ပတို့ကို နယ်စပ်မြို့ ကြီးများမှတဆင့် တင်ပို့ရောင်းချလျှက်ရှိကြောင်း ကြက်သွန်စိုက်တောင်သူများနှင့် တင်ပို့ရောင်း ချသည့် ကုန်သည်များထံမှ သိရသည်။
စိုးလင်းနိုင်(IPRD)