သရက်ချောင်း နိုဝင်ဘာ ၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများနှင့် မိသားစု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ (၂၀၂၂-၂၀၂၃) ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း အခြေခံအပ်ချုပ်စက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က သရက်ချောင်းမြို့နယ်၊ ကျောက်ဆည်အုပ်စု၊ ကျောက်ဆည် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်က ကျေးလက်နေပြည်သူများ လူမှုစီးပွားရေး တိုးတက် မြင့်မားလာစေရန်၊ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်နှင့် မိသားစုစားဝတ်နေရေး အဆင်ပြေစေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ မိမိဘဝ တိုးတက် မြင့်မားရေးအတွက် ကြိုးစားကြရန်လိုကြောင်း သင်တန်းနှင့် ပတ်သက်သည့် အကြောင်း အရာများကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကောင်းမြတ်ထက်နှင့် ဝန်ထမ်းများ၊ သင်တန်းနည်းပြ ဆရာ/ဆရာမများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျောက်ဆည် ကျေးရွာအုပ်စုမှ သင်တန်းသူ (၁၃)ဦး တက်ရောက်ခဲ့ရာ အဆိုပါသင်တန်းကို၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှစတင်၍၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့အထိ (၂) လကြာ နေ့စဉ်နံနက် (၉)နာရီမှ ညနေ(၄)နာရီ အချိန်ထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ကြောင်း သရက်ချောင်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူးထံမှ သိရသည်။
သားကြီး (သရက်ချောင်း)