ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဒဂုံတောင် နိုဝင်ဘာ ၃  

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်လုံးဆိုင်ရာစုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၁ဝး၀၀)နာရီအချိန်က  ရှေးဟောင်းသမိုင်းဝင်အတုလအောင်ဇေယျုံ ဦးဖိုးလှဆုတောင်းပြည့်စေတီတော် ဓမ္မာရုံတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခြင်း၊ ဧည့်ပရိတ်သတ်များက  ဆရာတော်ဘုရားများထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်းနှင့် သြဝါဒကထာနာကြားခြင်း၊ ကထိန်အနုမောဒနာတရားနာကြားခြင်း၊ ဒဂုံမြို့သစ်ခရိုင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ ကထိန်သင်္ဃန်းဆပ်ကပ်လှူဒါန်းမှုများပြုလုပ်ခဲ့ကြပြီး မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများက ကထိန်သင်္ကန်း၊ ပဒေသာပင်နှင့် လှူဖွယ်ပစ္စည်းများအား မြို့နယ်အတွင်းရှိ ဂိုဏ်းပေါင်းစုံ ဆရာတော်အရှင်သူမြတ်များအား  ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဥက္ကဋ္ဌဆရာတော် အရှင်သူမြတ်ကြီးနှင့် ပင့်သံဃာတော်တို့မှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ တရားတော်ဟောကြားတော်မူပြီး ဧည့်ပရိတ်သတ်များမှ ရေစက်သွန်းချ အနုမောဓနာတရားနာယူကာ အခမ်းအနားကို ဗုဒ္ဓသာသနံစီရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဒဂုံမြို့သစ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

သက်မင်းဟန်(ဒဂုံတောင်)