ပုဇွန်တောင်မြို့နယ်အတွင်း အဓိကလမ်းမကြီးများ၊ လမ်းဆုံမီးပွိုင့်များနှင့်ဘတ်စ်ကားမှတ်တိုင်များတွင်  စည်းကမ်းထိန်း လှည့်ရှင်းဆောင်ရွက်

ပုဇွန်တောင် နိုဝင်ဘာ ၃

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး၏ စီမံကြီးကြပ်မှုဖြင့် ပုဇွန်တောင်မြို့နယ်သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးအပြင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ နေထိုင်သွားလာရေးအတွက် စည်ပင်သာယာဝန်ထမ်းများက အဖွဲ့များခွဲကာ အသိပညာပေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် ဈေးအသီးသီးနှင့်လမ်းဘေးရောင်းချနေသော ဈေးသည်များ စည်းကမ်းစနစ်တကျရှိစွာ ရောင်းချရေး၊ လမ်းဘေးစျေးသည် မရှိစေရေး၊ လမ်းဆုံမီးပွိုင့်များတွင် တောင်းရမ်းစားသောက်သူများ မရှိစေရေးနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် စျေးသည်မရှိစေရေး စည်းကမ်းထိန်း ဆောင်ရွက်ခြင်းတို့ကိုလည်း  ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းနှင့်ယနေ့နံနက်ပိုင်းတို့တွင်  မြို့နယ်စည်ပင် သာယာလက်ထောက်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ ဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ အဓိကလမ်းမကြီးများတွင် လှည့်ရှင်း ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပုဇွန်တောင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ စည်းကမ်းတကျရှိစေရေး၊ ကိုဗစ်ရောဂါပြန့်ပွားမှုမရှိစေရေးတို့အတွက် ဆောင်ရွက်သည့်လုပ်ငန်းများအား မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့်လက်ထောက်အုပ်ချုပ်ရေးမှူးတို့မှ နေ့စဉ်အနီးကပ်ကြီးကြပ်ကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။  

ဟန်စုယဉ် (ပြန်/ ဆက်)