လောက်ကိုင် နိုဝင်ဘာ ၃
ဒေသခံပြည်သူများ တည်ငြိမ်အေးချမ်းစွာ ရောင်းဝယ်မှုအခြေအနေများ၊ သန့်ရှင်းသပ်ရပ်စွာ ထုတ်ကုန်များ ထုတ်လုပ်နေမှုအခြေအနေများနှင့် တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးခြင်းအား ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း ယမန်နေ့နံနက်(၉)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများပါဝင်သော စုပေါင်းအဖွဲ့သည် အမှတ်(၁)ရပ်ကွက်ရှိ ဈေးအတွင်း ဒေသခံ ပြည်သူများ တည်ငြိမ်အေးချမ်းစွာ ရောင်းဝယ်နေမှုများ၊ ဈေးသည်များမှ ဈေးနှုန်းမှန်ကန်စွာ ရောင်းချနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ယင်းနောက် မော်တော်ယာဉ် စက်ပြင်အလုပ်ရုံများ၊ ပရိဘောဂပစ္စည်းများ ရောင်းချနေသည့် ဆိုင်ခန်းများနှင့် ရေသန့်ထုတ်လုပ်သည့် ရေသန့်စက်ရုံတွင် သန့်ရှင်းသပ်ရပ်စွာ ရေသန့်ဗူးများ ထုတ်လုပ်နေမှု၊ ရေသန့်များထည့်သွင်းမှု၊ ရေသန့်ဗူးများအား ပါကင်အတွင်း သပ်ရပ်စွာ ထည့်သွင်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုပြီး သက်ဆိုင်ရာ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံပြီး လိုအပ်နေ သည်များကိုမှာကြားခဲ့သည်။ ယင်းနောက် တိရိစ္ဆာန်မွေးမြူရေးခြံအတွင်း ဆိတ်သားပေါက်များ မွေးမြူထားရှိမှုအခြေအနေကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူက ရှင်းလင်း တင်ပြခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက် တန်းကျောင်း၊ ကိုးကန့်-မြန်မာအလယ်တန်းကျောင်းများသို့ သွားရောက်ပြီး ကျောင်းသား/ ကျောင်းသူကလေးများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှု၍ ကျောင်းသား /ကျောင်းသူကလေးများကို အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရှိရသည်။
လောက်ကိုင် (ပြန်/ဆက်)