မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာခရိုင်အတွင်းရှိ  တောင်သူဦးကြီးများအား  တွေ့ဆုံခြင်းနှင့် ကျောင်းသားကျောင်းသူများအား စက်ဘီးများ ထောက်ပံ့ပေးအပ်

မိတ္ထီလာ နိုဝင်ဘာ ၁

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကို မိတ္ထီလာခရိုင်အတွင်းရှိ  တောင်သူဦးကြီးများအား တွေ့ဆုံခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား စက်ဘီးများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်က ပညာရေးဒီဂရိကောလိပ်ရှိ ပညာပါရမီခန်းမတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမောင်ကိုက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်မှ ရှေ့လုပ်ငန်းစဉ်(၅)ရပ် ဦးတည်ချက်(၉)ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်နေပြီး တိုင်းဒေသကြီးအစိုးအရအဖွဲ့မှ စိုက်ပျိုရေးဆောင်ရွက် နေသော တောင်သူများ စိုက်ပျိုးရေးနည်းစနစ် မှန်ကန်ရေးနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးကာ အထွက်နှုန်းများ တိုးပွားရေးတို့အတွက် တောင်သူဦးကြီးများ တွေ့ကြုံနေရသည့် အခက်အခဲများ ဖြည့်ဆည်းပေးနိုင်ရေး လာရောက်တွေ့ဆုံ ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။  ၎င်းနောက်  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မိတ်ဆက်စကား ပြောကြားခဲ့ပြီး တက်ရောက် လာသော ဒေသခံတောင်သူများက စိုက်ပျိုးရေးနှင့် ပတ်သက်၍ လိုအပ်သည်များကို တင်ပြခဲ့ရာ တင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပေါင်းစပ်​ဆောင်ရွက်ခဲ့သည်။

ယင်းနောက် လေ့ကျင့်ရေးအလယ်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ပညာပန်းခင်း တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့ကြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက သီဆိုဖျော်ဖြေခဲ့ကြသည့် ကျောင်းသားကျောင်းသူများနှင့် တက်ရောက်လာကြသော တောင်သူဦးကြီးများအား ချီးမြှင့်ငွေများ  ပေးအပ်ခဲ့သည်။ ၎င်းနောက် ကျေးရွာတစ်ရွာလျင် ထောက်ပံ့ငွေကျပ် တစ်သိန်းနှုန်းဖြင့် ကျေးရွာ ၃၈ ရွာအတွက် ထောက်ပံ့ငွေ ကျပ် (၃၈) သိန်းကို ထောက်ပံ့ပေး အပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က မိတ္ထီလာမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအတွက် စက်ဘီးအစီး(၁၀၀)အားလည်းကောင်း၊ မလှိုင်မြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦး အတွက် စက်ဘီးအစီး(၁၀၀)အားလည်းကောင်း၊ ဝမ်းတွင်းမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ ၁၀၀ ဦးအတွက် စက်ဘီးအစီး (၁၀၀) အားလည်း ထောက်ပံ့ပေးအပ်ခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် ပျော်ရွှင်ကြည်နူးစွာဖြင့် စက်ဘီးများကို  စီးနင်း၍ ထွက်ခွာသွားကြသည့် ကျောင်းသားကျောင်းသူများအား  ရင်းနှီးစွာ နှုတ်ဆက်အားပေးခဲ့ ကြောင်းသိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)