ပူတာအို၌ မိုးစပါး ဆင်းဧကရီ-၃ မျိုးစေ့ထုတ်စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကျင်းပ

ပူတာအို နိုဝင်ဘာ ၁

၂၀၂၂-၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့် ပူတာအိုဒေသဝမ်းစာဖူလုံရေးအတွက် မိုးစပါးဆင်းဧကရီ-၃ မျိုးစေ့ထုတ်(၁၀.၀၀)ဧက စိုက်ခင်းအား ရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲအခမ်းအနားကို နိုဝင်ဘာ(၁)ရက် နံနက်(၉)နာရီက ပူတာအိုမြို့ ကောင်ကထောင်နှင့် လုံးစွတ်ရပ်ကွက်ကြား မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းမကြီးဘေး စိုက်ပျိုးရေးဦးစီးဌာနပိုင်လယ်၌ ကျင်းပသည်။၊

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးက မိရိုးဖလာစိုက်ပျိုးသည့်အဆင့်မှ စီးပွားဖြစ် ထုတ်လုပ်ပြီး ပူတာအိုခရိုင် ဒေသဝမ်းစာ ဖူလုံရေးအတွက် ဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြင့်ထွေးက ဒေသဝမ်းစာ ဖူလုံရေးအတွက် အထွက်နှုန်းကောင်း ဆင်းဧကရီ-၃ မျိုးသန့်မျိုး စေ့ထုတ်လုပ်ခြင်းအားဌာနမှ ဆောင်ရွက်သကဲ့သို့ တောင်သူများနှင့် အကျိုးတူပူးပေါင်း၍ မျိုးသန့်မျိုးစပါး ထုတ်လုပ်ခြင်းများအားလည်း မြို့နယ်အလိုက် ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများနှင့်အကျိုးတူ မျိုးသန့်မျိုးစပါးများအား တောင်သူအချင်းချင်း ပြန်လည်မျိုးဖြန့်ဖြူးခြင်းအားဖြင့် ဆင်းဧကရီ-၃ မျိုးစပါးစိုက်ဧက ပိုမိုတိုးတက်လာမည် ဖြစ်ကြောင်းဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးသိန်းက ရိတ်သိမ်း ခြွေလှေ့စက်အကြောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး အခမ်းအနား တက်ရောက်လာသည့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခေါင်လန်ဒီး၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသန်းထွေး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်လွင်၊ ခရိုင်/မြို့ နယ်ဌာနဆိုင်ရာများ၊ တောင်သူများက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် လက်တွေ့ရိတ်သိမ်းခြွေလှေ့ ကွင်းသရုပ်ပြသနေမှုအား ကြည့်ရှုအားပေးကြသည်။

အဆိုပါ ရိတ်သိမ်းခြွေလှေ့စက်ယန္တရား အသုံးပြုခြင်းဖြင့် တစ်ဧကကုန်ကျစရိတ် သက်သာခြင်း၊ အချိန်ကုန်သက် သာခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းနှင့် ကျွဲနွား အန္တရာယ်အတွက် စိုးရိမ်ပူပန်စရာမလိုခြင်း၊ လုပ်သားရှားပါးမှုကိုဖြေ ရှင်းပေးနိုင်ခြင်း၊ ရိတ်သိမ်းရာတွင် အလေအလွင့်နည်းပါး ရိတ်သိမ်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

ဖုန်ကန်(ပူတာအို)