ကျောက်ဆည် အောက်တိုဘာ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် သင်တောင်းကြီးကျေးရွာ ဆုတောင်းပြည့် မဟာရွှေသိမ်တော် မြတ်စွာဘုရားကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်တွင် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ရွှေသိမ်တော်ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဩဝါဒါစရိယ ဧရာဝတီစာသင်တိုက် ဦးစီးပဓာနနာယကဘဒ္ဒန္တပါမောက္ခာဘိဝံသ ဆရာတော်ထံမှ ငါးပါးသီလတရား ခံယူဆောက်တည်ကြပြီး မန္တလေးတိုင်းဒေသကြီးသံဃာ့ဝန်ဆောင် တောင်လွှဲကျေးရွာကျောင်းကြီး ကျောင်းဦးစီးပဓာနနာယကဘဒ္ဒန္တစန္ဒကုမာရ ဆရာတော်မှ ဩဝါဒကထာတရား ချီးမြှင့်တော်မူကာ ဆုတောင်းပြည့် မဟာရွှေသိမ်တော်ဘုရာကြီး၏ ဓမ္မစကြာဝတ်အသင်းက ရောင်ခြည်တော် (၆) ပါး ပဌာန်း(၈)လုံဘွဲ့ ကဗျာဖြင့် ရွတ်ဖတ်ပူဇော်ကြသည်။
ထို့နောက် တောင်နောက်ကျေးရွာ သရက်တောကျောင်းတိုက် ဦးစီးပဓာနနာယကဘဒ္ဒန္တသောဘိတ ဆရာတော်နှင့် သပြေပင်ကျေးရွာ ရွာဦးကျောင်း ဆရာတော် ဘဒ္ဒန္တနေမိန္ဒရတို့က ဒေဝနိမန္တနဂါထာနှင့် ပဌာနဥယျောဇနဂါထာများကို ရွတ်ဆိုကြပြီး ပင့်သံဃာများမှ ပဌာန်းကျမ်းတော်ကြီးကို အလှည်ကြ ရွတ်ဆိုပူဇော်ခဲ့ကြောင်းနှင့် ဗုဒ္ဓပူဇနိယပွဲတော် မဟာပဌာန်းကျမ်းမြတ် ရွတ်ဖတ်ပူဇော်သိမ်းပွဲကို နိုဝင်ဘာ (၂) ရက်နေ့တွင် ဆောင်ရွက်သွားမည်ဖြစ်ကာ စေတနာရှင် အလှူရှင်များက ပင့်သံဃာများအား ဆွမ်းဆန်စိမ်းများ လောင်းလှူသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)