ကျောက်ဆည် အောက်တိုဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော (၂၇)ကြိမ်မြောက်ဝန်ထမ်းပေါင်းစုံ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကျင်းပနိုင်ရေး ယနေ့နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိုးသိန်းက ကျောက်ဆည် မြို့နယ်အနေဖြင့် ရိုးရာကထိန်ပွဲတော်ကျင်းပရာတွင် ကထိန်အနှစ်သာရပြည့်ပြည့်ဝစွာဖြင့် ဆောင်ရွက်နိုင်ရေးနှင့် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီးကျောက်ဆည် ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦးနှင့် တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီများက ယခင်နှစ်မှ ဆောင်ရွက်ခဲ့သည့် ကထိန်ပွဲတော်ကျင်းပပြုလုပ်ခဲ့သော အကြောင်းအရာများနှင့် ပင့်သံဃာများ၊ ဉတ်မကြီး ပဒေသာပင်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ စုပေါင်း၍ ပဒေသာပင် ဆောင်ရွက်ခဲ့မှုများအားယခင်နှစ်ကထက်မနည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အသီးသီးပြန်လည် ဆွေးနွေးခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မျိူးသိန်းက ဌာနဆိုင်ရာများအနေဖြင့် ကထိန်ပွဲတော်သည် မြန်မာတို့၏ ရိုးရာအစဉ်အလာကောင်းဖြစ်သောကြောင့် လက်ဆင့်ကမ်းထိန်းသိမ်းကြရေး၊ ပိုမိုတိုးတက်ကောင်းမွန်အောင် ဝိုင်းဝန်းဆောင်ရွက်ကြရေးပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)