မောက်မယ်မြို့နယ်၌ တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကျင်းပ

မောက်မယ် အောက်တိုဘာ ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသခံတောင်သူများ၏ လယ်မြေများတွင် သီးနှံအထွက်တိုးစေရန်နှင့် မိုးစပါးစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့်နည်းပညာသုံး ဘောင်ပျိုးစနစ်ပျိုးထောင်မှုနှင့် သိပ္ပံနည်းကျစိုက်နည်းစနစ် အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် မောက်မယ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများမှ ယနေ့နံနက် ၉ နာရီခွဲက တောင်သူပညာပေး ကွင်းသရုပ်ပြပွဲကို ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးသက်နိုင်က မြို့မအုပ်စု၊ ကွင်းအမှတ်(၈)၊ ဦးပိုင်အမှတ်(၁၃)တောင်သူ ဦးလုံးစိုင်းမောင်၏ (၁.၅၀)ဧကရှိ လယ်မြေ၌ မှော်ဘီကောက်ညှင်းမွှေး မျိုးသန့်မျိုးပွာမိုးစပါး စိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှုများအား စံပြစိုက်ခင်းစိုက်ပျိုးမှုအတွက် ဘက်စုံအဆင့်မြင့် နည်းပညာသုံးဘောင်ပျိုးစနစ် စိုက်ပျိုးထားရှိမှု၊ သဘာဝမြေသြဇာသုံးစွဲမှုနှင့် စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြပြီး ဝန်ထမ်းများက တောင်သူများ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့သည်။  

ထိုကွင်းသရုပ်ပြပွဲသို့ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမျိုးမင်းသန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဝန်ထမ်းများနှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)