ကျောက်ပန်းတောင်းမြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးရန် ၁၂၃၄၇ ဧက လျာထားသည့်အနက် ၉၇၆ ဧကစိုက်ပျိုးပြီးစီး

ကျောက်ပန်းတောင်း အောက်တိုဘာ ၂၈

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးဆီဖူလုံပိုလျံရေးအတွက် အရေးကြီးသီးနှံတစ်မျိုးဖြစ်သည့် ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိရာ တစ်မြို့နယ်လုံး လျာထားဧက ၁၂၃၄၇ ဧကရှိသည့်အနက် ၉၇၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဆောင်းနေကြာသီးနှံကို ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်မြို့နယ်လုံးလျာထားဧက ၁၂၃၄၇ ဧက ရှိကြောင်းနှင့် လက်ရှိအချိန်ထိ စိုက်ပျိုးပြီးဧကမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီသည့်အထူးဇုံ ဧက ၂၅၀ ဧကအပါအဝင် စုစုပေါင်း ၉၇၆ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်းနှင့် ဒီဇင်ဘာလအတွင်း လျာထားချက်အားလုံးပြည့်မီအောင် စိုက်ပျိုးသွားနိုင်မှာဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီး အရာရှိ ဒေါ်ခင်အေးအေးမော်က ပြောပါသည်။ စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီ စိုက်ပျိုးသည့် အထူးဇုံ ဧကမှာ ၂၅၀ ဧကရှိပြီး၊ အဆိုပါ စိုက်ဧကများအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မျိုးကောင်းမျိုး သန့်ပံ့ပိုးခြင်း၊ မြေဩဇာပံ့ပိုးခြင်းနှင့် စိုက်ပျိုးနည်းပညာများပံ့ပိုးခြင်းတို့ကို ဆောင်ရွက်ပေးနေကြောင်းနှင့် သီးခြားပုဂ္ဂလိက တောင်သူများအတွက်လည်း စိုက်ပျိုးနည်းပညာများ ဖြန့်ဝေပေးခြင်းနှင့် နေကြာ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ဝယ်ယူရရှိနိုင်ရေး လမ်းညွှန်ပံ့ပိုးခြင်းများ ဆောင်ရွက် ပေးနေကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် နေကြားသီးနှံကို ရေဆင်း (၁) စပ်မျိုးနေကြာမျိုးကို အဓိက စိုက်ပျိုးကြကြောင်းနှင့်သီးနှံ စိုက်ပျိုးမှုကို အောက်တိုဘာလဆန်းပိုင်းမှ ဒီဇင်ဘာလအထိ စိုက်ပျိုးကြ ကြောင်းသိရပြီး၊ လယ်ကြီးမြောက်ကျေးရွာ၊ ကျောက် တံခါးကျေးရွာ၊ မြောက်တောကျေးရွာ၊ မကျီးကုန်း ကျေးရွာ၊ အောင်ချမ်းသာကျေးရွာအစရှိသည့် ကျေးရွာများတွင် အဓိကအားထား စိုက်ပျိုးကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)