သံတောင်ကြီးမြို့တွင် ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိ

သံတောင်ကြီး   အောက်တိုဘာ   ၂၈

ကရင်ပြည်နယ်၊  ဘားအာခရိုင်၊  သံတောင်ကြီးမြို့နယ် တွင်ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းမှု အဖြစ်စိုက်ပျိုးရေးလုပ်ငန်းများကိုအဓိကလုပ်ကိုင်ကြရာသံတောင်ကြီးမြို့တွင်အိမ်တိုင်းလိုလိုပင် ဂေါ်ရခါးပင်များကို စင်ထိုးပြီးတစ်ပိုင်တစ်နိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအောက်တိုဘာလတွင်  ဂေါ်ရခါးသီးများလှိုင်လှိုင်ထွက်ရှိကြောင်းသိရသည်။

အဆိုပါဂေါ်ရခါးသီးများ သည်လူကြိုက်များသည့်သီးနှံဖြစ်ပြီး ကြော်စား၍သော်လည်ကောင်း၊ ပြုတ်စား၍သော်လည်ကောင်း၊ ဟင်းချိုအဖြစ်ချက်စားရာတွင်လည်ကောင်းစားသုံးကြသည်။ ဂေါ်ရခါးပင်များမှာ နွေ၊  မိုး၊ ဆောင်း ရာသီမ‌ရွေး အသီးသီးပြီး ဆောင်းတွင်းကာလတွင်ဂေါ်ရခါးသီးများ လှိုင်လှိုင်ထွက်ရှိ ကြောင်းသိရသည်။ 

ဂေါ်ရခါးသီးများကို အိမ်အတွင်းစားသုံးရန် အတွက်သာမက အပိုဝင်ငွေရရှိစေရန် ခူးယူရောင်းချလျက် ရှိပြီး သံတောင်ကြီးမြို့ပေါ်တွင် သာမကတောင်ငူမြို့သို့တင်ပို့ရောင်းချကြသည်။ မိုးတွင်းကာလတွင်တစ်ပိဿာလျှင်ကျပ် (၁၀၀၀)အထိရရှိသော်လည်း ယခုအောက်တိုဘာလ လှိုင်လှိုင်ထွက်ရှိချိန်တွင် တစ်ပိဿာလျှင်ကျပ် (၇၀၀) ထိသာရရှိသည်။ ဂေါ်ရခါးပင်များသည်ရာသီမရွေးအသီးသီးသောကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် အပိုဝင်ငွေရရှိကာ အိမ်သုံးစရိတ်ရရှိကြောင်းဒေသခံတစ်ဦးထံမှ သိရသည်။

စောမင်းသား (ပြန်/ဆက်)