တောင်ဥက္ကလာပ အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန မြို့နယ်မီးသတ်ဦးစီးဌာနမှဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းဆင်းပွဲ အခမ်းအနားကို အမှတ်(၉)ရပ်ကွက်ရှိ မြို့နယ်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်(၉:၀၀) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဆင်းပွဲတွင် သင်္ဃန်းကျွန်းခရိုင် မီးသတ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ မီးဘေးကြောင့် ပျက်စီးဆုံးရှုံးမှုများမဖြစ်ပေါ်စေဖို့ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးငြိမ်းသတ်ရေး ကဏ္ဍသုံးခုနှင့်အညီ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရေး စွမ်းရည်မြင့် မီးသတ်တပ်ဖွဲ့ဝင် ကောင်းများမွေးထုတ်နိုင်ဖို့ ယခုလိုသင်တန်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ အမိန့်နာခံမှု၊ မီးငြိမ်းသတ်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်တတ်စေရန်နှင့် ကယ်ဆယ်ရေးအပိုင်းများ၊ မီးဘေးနှင့် သဘာဝဘေးဖြစ်ပေါ်လာပါက ပျက်စီးဆုံးရှုံးမှုနည်းပါးစေရန် ယခုသင်တန်းက ရှေ့ဦးမီးငြိမ်းသတ်ရေး ပညာရပ်များအား ထိရောက်စွာအသုံးချစေလိုကြောင်း ပြောကြားပြီးနောက် တောင်ဥက္ကလာပမြို့နယ် မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးအောင်မြတ်မိုးကသင်တန်းတွင် စံပြဆုရသင်တန်းသားတစ်ဦးအား ဆုချီးမြှင့်ပေးခဲ့ပြီးနောက် ခရိုင်မီးသတ်ဦးစီးမှူးမှ သင်တန်းဆင်းလက်မှတ်ပေးအပ်ရာ သင်တန်းသားများကိုယ်စား တာဝန်ရှိသူတစ်ဦးမှ လက်ခံခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းဆင်းပွဲကို မြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တက်ရောက်၍ သင်တန်းကို မြို့နယ်အတွင်းရပ်ကွက်များမှ သင်တန်းသား(၅၀)ဦးဖြင့် ဖွင့်လှစ်ကာ သင်တန်းကာလရက်သတ္တပတ် (၄)ပတ် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ခင်ဆွေနှင်းပြန်/ဆက်)