မြောက်ဥက္ကလာပမြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြင့်မားရေး ဆွေးနွေးပွဲကျင်းပ

မြောက်ဥက္ကလာပ အောက်တိုဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊‌ မြောက်ဥက္ကလာပမြို့နယ်တွင် အခြေခံပညာဦးစီးဌာန၏ကြီးကြပ်မှုဖြင့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား)အလုပ်ရုံဆွေးနွေးပွဲကို  ယနေ့နံနက် ၀၉:၀၀ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် မြောက်ဥက္ကလာပမြို့နယ်ပညာရေးမှူး ဒေါ်မို့မို့ခိုင်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးရာတွင် အခြေခံပညာကျောင်းများ၏ သင်ကြားမှု၊ သင်ယူမှုအရည်အသွေးများ တိုးတက်ကောင်းမွန်လာစေရန်၊ ကျောင်းအုပ်ကြီးများ၏ စွမ်းဆောင်ရည်ပိုမိုမြင့်မားလာစေရန်၊ ခေါင်းဆောင်မှုတာဝန်ယူထားရသော ဆရာကြီး၊ ဆရာမကြီးတို့၏ စီမံခန့်ခွဲမှုသည် အလွန်ပင်အရေးကြီးပြီး ယုံကြည်ချက်၊ ခံယူချက်တို့မှန်ကန်စွာဖြင့် တာဝန်နှင့်စည်းကမ်းများကို လေးစားလိုက်နာကာ ဆရာ့ကျင့်ဝတ်နှင့်အညီ အရည်အချင်းပြည့်ဝသည့် ကျောင်းအုပ်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အထက်တန်းကျောင်းအုပ်(၆ )ဦး၊  အလယ်တန်းကျောင်းအုပ်(၁၂ )ဦး၊ မူလတန်းကျောင်းအုပ် (၃၅  )ဦး စုစုပေါင်း(၅၃)ဦးတို့ တက်ရောက်ခဲ့ပြီး ပညာရေးကဏ္ဍ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်စီမံကိန်းကြီးကြပ်အကဲဖြတ်ခြင်း ဘာသာရပ်များကို အောက်တိုဘာလ၂၈ ရက်နေ့မှ ၂၉ ရက်နေ့အထိ နှစ်ရက်ကြာ ဆွေးနွေးပို့ချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သိင်္ဂီပြည့်ဖြိုး(ပြန်/ဆက်)