မြစ်သားမြို့နယ်တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်း အမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

မြစ်သား အောက်တိုဘာ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၆၄)  စက်မှုလယ်ယာစခန်းမှ  ကြီးမှူးဖွင့်လှစ်သည့်  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု ( အခြေခံ)  သင်တန်းအမှတ်စဉ် (၁/၂၀၂၂)သင်တန်းဆင်းပွဲ အခမ်းအနားကို  ယနေ့နံနက်(၁၀ ) နာရီခွဲက အဆိုပါ စက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

‌ရှေးဦးစွာ   မြစ်သားမြို့နယ်   စက်မှုလယ်ယာဦးစီးဌာနမှ  မြို့နယ်ဦးစီးဌာနမှူး   ဦးရားကိုင်ထန်းက သင်တန်းဆင်းပွဲ အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းနည်းပြများဖြစ်သော ဒုတိယဦးစီးမှူး ဦးဆန်းဝင်းနှင့် ဦးကျော်ကျော်လင်းတို့မှ တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံး စက်ကိရိယာများကို စနစ်တကျ ကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ခြင်း လုပ်ငန်းကို ဒေသအလိုက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်အတွက် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု သင်ခန်းစာများကို သင်တန်းသားတစ်ဦးချင်းစီ စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို အောက်တိုဘာလ (၁၇)ရက်နေ့မှ(၂၈)ရက်နေ့အထိ သင်တန်းကာလ(၁၂)ရက်ကြာ  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု ဘာသာရပ်( ၆ )မျိုးဖြစ်သည့် အင်ဂျင် ဘာသာရပ်၊  လက်တွန်းထွန်စက်ဘာသာရပ်၊ ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် ဘာသာရပ်၊ ကောက်စိုက်စက်ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများစသည့် ဘာသာရပ်များကို ကျေးရွာအုပ်စု ( ၇ )အုပ်စုရှိ  သင်တန်းသား(၃၇)ဦးအား စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ တာဝန်ရှိသူထံမှ သိရသည်။                                                                                                                                                     

သီတာအောင်(မြစ်သား)