ဒဂုံဆိပ်ကမ်း အောက်တိုဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး မြို့နယ်အဆင့် (ဆင့်ပွား) အလုပ်ရုံ ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ပညာရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်အေးမာလွင်က ပြောကြားရာတွင် မိမိအနေဖြင့် အခြေခံပညာဦးစီးဌာန (ရုံးချုပ်) မှ စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံ ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများအား (ဆင့်ပွား) ပေးခြင်းဖြစ်ကြောင်း၊ အသိပညာ၊ အတတ်ပညာများ လက်ဆင့်ကမ်းဆောင်ရွက်ခြင်းဖြင့် ပညာရေးဝန်ထမ်းများ၏ အရည်အသွေးနှင့် စီမံခန့်ခွဲမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ပေးနိုင်မှာ ဖြစ်ကြောင်း၊ ပညာရေးအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ညီညီညွတ်ညွတ် ဆောင်ရွက်ကြစေလိုကြောင်း၊ ခေါင်းဆောင်ကောင်း အရည်အချင်း ပြည့်ဝရန် လိုအပ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်း၊ မူလတန်းကျောင်းများမှ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီး စုစုပေါင်း(၃၃) ဦး တက်ရောက်ကြပြီး ဆွေးနွေးပွဲကို (၂) ရက်ကြာ ဆွေးနွေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးရုံးမှ သိရသည်။
အေးမဥ္ဇူ(ပြန်/ဆက်)