ရေဖြူ အောက်တိုဘာ ၂၈
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်များနှင့်အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ၆၆/၆ အား မိဘပြည်သူများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်နှင့် ပတ်သက်သည့်အသိပညာပေး Talk Show ကို ရေဖြူမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ရိုက်ကူးဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးအစီအစဉ်ကို ပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စု လူဦးရေစာရင်း ဆောင်ရွက်ရန် အခက် အခဲများရှိပါက သက်ဆိုင်ရာ မြို့နယ်လဝကရုံးသို့ လာရောက် ဆက်သွယ် ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေး Talk Show အစီအစဉ်တွင် ရေဖြူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူရှိန်က ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ဆွေးနွေးပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်နှင့် လဝကဝန်ထမ်းတစ်ဦးတို့က လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြသည်။
ပြည်သူလူထုများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက်(၇) ချက်ပါအချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို ဖြေရှင်းဆောင်ရွက်နိုင်ရန်အတွက် အသိပေးထုတ်ပြန်ချက် အချက်(၆)ချက်ပါအချက်အလက်များနှင့် ဆောင်ရွက်ပေးနေမှုများကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။
"နိုဝင်ဘာ(၁၅)ရက်နေ့အထိ ဝန်ကြီးဌာမှ တိုးမြှင့်ဖြေရှင်းဆောင်ရွက်ဖို့ ရက်တိုးပေးထားပါတယ်” ဟု လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန ရေဖြူမြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်၏ ဆွေးနွေးပြောကြားချက်အရ သိရသည်။
နိုင်ငံသားစိစစ်ရေးကတ် တစ်ကတ်ထက်ကိုင်ဆောင်ထားရှိသူများ သတ်မှတ်ကာလအတွင်း၌ လာရောက်ဖြေရှင်းဆောင်ရွက်ပါက ရွေးချယ်လိုသည့်ကတ်ကို ကာယကံရှင်မှ ရွေးချယ်နိုင်မည်ဖြစ်ကြောင်း၊ သတ်မှတ်ကာလကျော်လွန်ပါက ညွှန်ကြားချက်အတိုင်း ဒုတိယကတ်ကို အတည်ပြုပြီး ယခင်ကိုင်ဆောင်သည့်ကတ်ကို ပယ်ဖျက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ခတ္တာ