စဉ့်ကိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ

စဉ့်ကိုင် အောက်တိုဘာ ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာ ရှေ့နေဦးဝင်းကြည်(စဉ့်ကိုင်)က ကလေးအလုပ်သမားအဓိပ္ပါယ်၊ ကလေးသူငယ်များ၏ အလုပ်လုပ်ခွင့်အသက်အရွယ်၊ အလုပ်ချိန်ကန့်သတ်ချက်၊ ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်ကို ဟောပြောခဲ့သည်။

ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲကိုကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူ(၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသော ကျောင်းသား/ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့နောက် အခမ်းအနားသို့ ကလေးအလုပ်သမားပပျောက်ရေး၊ လူကုန်ကူးခံရမှုအကြောင်း၊ ပြန်/ဆက်ဦးစီးဌာန၏ အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုမှတ်တမ်းများကို ကျောင်းသား/ ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော့မူယာမောင်