လောင်းလုံး အောက်တိုဘာ ၂၇
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်(လဝက)ဌာနတို့ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန Community centre) တွင် ယနေ့နံနက်(၁၀)နာရီအချိန်က ပုံစံ(၆၆/၆)အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ မိဘပြည်သူများသို့ ထုတ်ပြန်ချက်အသိပညာပေး Talk Show ကို ကျင်းပဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဆောင်ရွက်မှုတွင် လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက Talk Show ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြား၍ မြို့နယ်(လဝက)ဦးစီးအရာရှိ ဦးဉာဏ်ဝင်းက ဆွေးနွေးရာ၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်ပတ်သက်၍ ပျောက်ဆုံး/ပျက်စီးမှုရှိပါက သက်ဆိုင်ရာ(လဝက)ရုံးသို့သတင်းပို့ခြင်း၊ အသက်(၁၀)နှစ်ပြည့်ပြီးသူအား ပန်းခင်းစနစ်ဖြင့်ဆောင်ရွက်ပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများကွဲလွဲပါက (လဝက)ရုံးသို့သွားရောက်ပြင်ဆင်ခြင်း၊ အမျိုးသားမှတ်ပုံတင်သက်သေခံကတ်ပြား (အမတ)ကိုင်ဆောင်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားအဖြစ်သို့ ပြောင်းလဲနိုင်ခြင်းအားလည်းကောင်း၊ ပုံစံ(၆၆/၆) အိမ်ထောင်စုစာရင်း(အထစ)နှင့်ပတ်သက်၍ ပျက်စီးနေသူများကို (လဝက)ရုံးသို့သွားရောက် သတင်းပို့ခြင်း၊ ပုံစံ(၆၆/၆)(အထစ)တွင် ပါဝင်သောအမှတ်အသားများကို လဝကရုံးသို့ဖြည့်သွင်းရခြင်း၊ အချက်အလက်ကွဲလွဲမှုရှိပါက (လဝက)ရုံးတွင် ပြင်ဆင်ခြင်း၊ ပုံစံ(၆၆/ ၆) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်သူများသည် မြို့နယ်(လဝက)ရုံးသို့သွားရောက်ပယ်ဖျက်ခြင်း၊ ပြောင်း/ဝင်စာရင်းပြင်ဆင်ခြင်း၊ ပုံစံ(၆၆/၆) (အထစ)မရှိသေးသူများ ပန်းခင်းစီမံချက်အရစိစစ်ပြုလုပ်ခြင်း စသောအကြောင်းအရာများကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)