ဘားအံတက္ကသိုလ်၌ နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမများသစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲကျင်းပ

ဘားအံ အောက်တိုဘာ ၂၆

ဘားအံတက္ကသိုလ်တွင် အသစ်ခန့်အပ်သော နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမသစ်လွင်များအား ကြိုဆိုပွဲနှင့်မွမ်းမံသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ဆရာ၊ဆရာမများက မြကျွန်းညိုညို တေးသီချင်းကိုသီဆို၍ သစ်လွင်ကြိုဆိုပွဲနှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကိုဖွင့်လှစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အသစ်ခန့်အပ်သည့် ဆရာ၊ ဆရာမများသည် ကရင်ပြည်နယ်အတွင်းမှ သာမက အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကရင်ပြည်နယ်ကို ဦးစားပေးလျှောက်ထားပြီး ဘားအံတက္ကသိုလ်တွင် လာရောက်တာဝန်ထမ်းဆောင်ကြသည့် ဆရာ၊ ဆရာမသစ်လွင်များ အားလုံးကို လှိုက်လှိုက်လှဲလှဲကြိုဆိုပါကြောင်း၊ အသစ်ခန့်အပ်ထားသည့် နည်းပြ၊ သရုပ်ပြ(၅၀)ဦးကို အောက်တိုဘာလ ၂၆ ရက်နေ့မှ နိုဝင်ဘာလ ၁၀ ရက်နေ့ထိ ရက်သတ္တပတ် ၂ ပတ်ကြာ မွမ်းမံသင်တန်းပို့ချပေးသွားမည်ဖြစ်ရာ မိမိတို့၏ ပညာအရည်အသွေးဖွံ့ဖြိုးတိုးတက်စေရေး စဉ်ဆက်မပြတ်လေ့လာသင်ယူသူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်းများ၊ တည်ဆဲဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံတော်၏ကျေးဇူးသစ္စာကို စောင့်သိရိုသေကာ စံနမူနာပြ ဆရာ၊ ဆရာမများ၏ဘဝကိုခံယူကြရန်၊ တက္ကသိုလ်၏ဂုဏ်သိက္ခာနှင့် အစဉ်အလာကောင်းများကို မျိုးစေ့ချပေးရန်၊ အစဉ်အမြဲမြှင့်တင်ပေးရန်၊ နိုင်ငံတော်ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး ကရင်ပြည်နယ်ဒေသဖွံ့ဖြိုးရေးတို့တွင် အစွမ်းကုန်ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမသစ်လွင်များအား ဂုဏ်ပြုထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ပေးအပ်ချီးမြှင့် ခဲ့ပြီး ဘားအံတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာစိုးစိုးအေးက မွမ်းမံသင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဆရာ၊ ဆရာမ သစ်လွင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမသစ်လွင်များက (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုစပ်ဆိုထားသော ပညာရေးဝန်ကြီးဌာနအဆင့်ပြိုင်ပွဲဝင်မည့် ပညာရေးပန်းတိုင် နိုင်ငံ့မဏ္ဍိုင်တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နည်းပြ၊ သရုပ်ပြ၊ ဆရာ၊ ဆရာမသစ်လွင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)