စဉ့်ကိုင် အောက်တိုဘာ ၂၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် (၉) နာရီက ကျောင်းသား/သူများ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေပြီး အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ စာဖတ်ရှိန် မြှင့်တင်ရေးအနေဖြင့် ပုံပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်၀င်း၀င်းသန်းက ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များနှင့် စာကြည့်တိုက်နှင့် အကျွမ်းတဝင်ရှိပြီး စာပေချစ်မြတ် နိုးသည့်စိတ်များ ပေါ်ပေါက်လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အတွေးအမြင် ဗဟုသုတများ ပိုမို ကြွယ်ဝလာစေရန်၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပ ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ဒေါ်ခင်စန်း (မြို့နယ်အမျိုးသမီးရေးရာ) က ဗဟုသုတပိုမိုကြွယ်ဝသည့် ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်များသည် အများတကာထက် ထူးချွန်သူများဖြစ်ပြီး အမြဲချီးကျူးဂုဏ်ပြုခြင်းခံရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲများတွင် မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/ ကျောင်းသူ (၂၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထိုနောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဝင်းဝင်းသန်း(စဉ့်ကိုင်)