မလှိုင်မြို့နယ်၊ ကျေးရွာ(၆)ရွာ၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများ ထုတ်ချေးပေး

မလှိုင် အောက်တိုဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ရေထွက်ကျေးရွာအုပ်စု၊ ရေထွက်ကျေးရွာ၌ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေများကို ယမန်နေ့မွန်းလွဲ (၂) နာရီက ရွာလယ်ဘုန်းကြီး ကျောင်းဓမ္မာရုံတွင် တောင်သူများလက်ဝယ်သို့ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၂-၂၀၂၃ခုဘဏ္ဍာရေးနှစ်၊ မြစိမ်းရောင်စီမံကိန်း (ဆီထွက်သီးနှံ) ချေးငွေထုတ်ချေးခြင်းနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ယခု ဘဏ္ဍာရေးနှစ်တွင် မလှိုင်မြို့နယ်၌ လျှော်ကန်ကျေးရွာ၊ ရေထွက်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ မန်ကျည်းကုန်းကျေးရွာ တစ်ရွာလျှင် ငွေကျပ် (၃၀၀) သိန်းနှုန်းဖြင့် စုစုပေါင်း ကျေးရွာ (၄) ရွာရှိ တောင်သ (၄၂၇) ဦး၊ ဆည်ကြီးကျေးရွာ၊ မြို့ကုန်းကျေးရွာ၊ တစ်ရွာလျှင် ငွေကျပ် (၂၀၀) သိန်းနှုန်း ဖြင့် စုစုပေါင်း ကျေးရွာ (၂) ရွာရှိ တောင်သူ (၁၂၁) ဦးတို့အား ထုတ်ချေးပေးခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့် ငွေတစ်ရာကျပ်လျှင် တစ်လအတိုးနှုန်း ပြား (၅၀) နှုန်းဖြင့် ကျေးရွာရန်ပုံငွေ ကြီးကြပ်မှုကော်မတီသို့ လစဉ်မပျက်မကွက်ပေးသွင်းရန် အရေးကြီးပါကြောင်း၊ မလှိုင်မြို့နယ်၏ ရေမြေအနေအထားအရ ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းသီးနှံကိုသာ အဓိကစိုက်ပျိုးကြသော်လည်း နေကြာသီးနှံတိုးချဲ့ စိုက်ပျိုးစေလိုကြောင်းနှင့် နေကြာစိုက်တောင်သူများကို ယခုကဲ့သို့ ချေးငွေထုတ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ရန်ပုံငွေထုတ်ချေးပေးခြင်းကြောင့် ကျေးလက်နေပြည်သူများထံသို့ သက်သာသော အတိုးနှုန်းဖြင့် ချေးပေးကာ ဆောင်းနေကြာ စိုက်ပျိုးမည့်တောင်သူများ လိုအပ်လျက်ရှိသည့် မျိုးစေ့၊ သွင်းအားစုနှင့် စိုက်ပျိုးစရိတ်များ ဝယ်ယူသုံးစွဲနိုင်ရန်ဖြစ်ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)