ပင်းတယမြို့၌ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပင်းတယ အောက်တိုဘာ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ အခြေခံပညာအထက်တန်း(ကြိုသက်)ကျောင်း၊ ပညာ့ရောင်ခြည်ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၃ နာရီက ရှေးဦးပြုစုခြင်း အခြေခံသင်တန်းဆင်းပွဲအခမ်းအနားအား ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.ထ.က(ကြိုသက်)ကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာစိုးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁)ဗိုလ်မှူးထွန်းထွန်းဦး၊ မြို့နယ် ကြက်ခြေနီအသင်းကော်မတီဥက္ကဋ္ဌ၊ ကြက်ခြေနီအသင်းဝင် ဆရာ၊ ဆရာမများနှင့်သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကျောင်းသား၊ ကျောင်းသူများအား သင်တန်း ဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့သည်။ ဆက်လက်၍ ပင်းတယမြို့နယ် ကြက်ခြေနီ အသင်းဥက္ကဋ္ဌမှ ရှေးဦးကုသရေး ပစ္စည်းများပါဝင် ဆေးအိတ်ကို လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးမှ လက်ခံရယူခဲ့သည်။ ၎င်းနောက် မြို့နယ် ကြက်ခြေနီ အသင်းတပ်ဖွဲ့မှူးမှ ကြက်ခြေနီအသင်း စတင်ဖြစ်ပေါ်လာပုံ၊ ရည်မှန်းချက်၊ လုပ်ငန်းတာဝန်များ စသဖြင့် ရှင်းလင်းပြောကြားပေးခဲ့သည်။

အဆိုပါ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းအား အောက်တိုဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်အထိ ၃ ရက်ကြာဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊ သင်တန်းသူ၊ သင်တန်းသား စုစုပေါင်း ၁၄၄ ဦး တက် ရောက်သင်ကြားခဲ့ကြောင်းနှင့် အခမ်းအနားကို ကမ္ဘာ့ကြက်ခြေနီသီချင်းကို သီဆို၍အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အောင်ကိုဦး (ပြန်/ဆက်)