အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်

ဘားအံ အောက်တိုဘာ ၂၅

ကရင်ပြည်နယ် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သော အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဒုတိယအကြိမ်မြောက် ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး ကလေးအလုပ်သမား ပပျောက်စေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ကိုင်စားသောက်နေထိုင်နိုင်ရန် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်း ကာလတွင် မခိုမကပ်ဘဲ ဆရာများ၏ သင်ကြားပို့ချမှုများကို စနစ်တကျလေ့လာဆည်းပူး သင်ယူကြစေလိုကြောင်း၊ သင်ယူရရှိလာမည့် အတတ်ပညာနှင့် ကျွမ်းကျင်မှုများကို အသုံးချ၍ လုပ်ငန်းခွင် ဝင်ရောက်လုပ်ကိုင်နိုင်ကြပြီး ကိုယ်ပိုင်လုပ်ငန်းငယ်များ ထူထောင်နိုင်သည့်အထိ ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး အမှတ်တရစုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား/သူများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများပြောကြားခဲ့သည်။

ယနေ့ဖွင့်လှစ်သည့်သင်တန်းသို့ ဘားအံမြို့နှင့်ပတ်ဝန်းကျင်ဒေသများမှ သင်တန်းသား/သူ ၃၀ ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် ၄ ပတ်ကြာမြင့်မည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လျှပ်စစ်ဝါယာသွယ်တန်းတပ်ဆင်ခြင်း လက်တွေ့စာသင်ခန်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)