နမ့်ဆန် အောက်တိုဘာ ၂၅
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာလုပ်အားရှင်များ ဦးဆောင်ဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းအမှတ်စဉ် (၂)(၃)ဆင်းပွဲကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း ရွှေဖီဦးခန်းမတွင် ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲတွင် အသင်းခွဲဥက္ကဋ္ဌ ဦးကျားတီက အဖွင့်အမှာစကားပြောကြားပြီး အထက-၁ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှိုင်လှိုင်ကျော် ကျောင်းသား၊ ကျောင်းသူများအား ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို လာရောက်ဖွင့်လှစ်ပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ဖွဲ့မှူး ဦးခင်မောင်က သင်တန်းတွင် ရှေးဦးပြုစုခြင်းဆိုင်ရာ အခြေခံသဘောတရား၊ လူမှုဂရုနာလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ရှေးဦးပြုစုခြင်း အခြေခံအသိပညာတတ်တမြောက်ပြီး ကျန်းမာရေးအသိပညာဖြင့် မိမိပတ်ဝန်းကျင်အား စနစ်တကျ ကူညီစောင့်ရှောက်ပြုစုနိုင်စေရန်နှင့် ရပ်ရွာလူထုနှင့် လူငယ်လူရွယ်များ၏ ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စွမ်းရည် ပိုမိုမြင့်မားလာအောင် ကူညီဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ သင်တန်းကို ဖွင့် လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်ပေးအပ်ခြင်းကို ပြုလုပ်ပြီး ကျောင်းများတွင်အသုံးပြုရန် အရေးပေါ်ဆေးအိတ်ကြီးကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခြင်း၊ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာနှင့်သွေးယိုစီးခြင်း၊ အပူလောင်ခြင်းနှင့် အရည်ပူလောင်ခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်းများကို စာတွေ့လက်တွေ့ သင်ကြားပြသပေးသွားပြီး သင်တန်းကို အမှတ်စဉ်(၂)၊ အမှတ်စဉ်(၃)မှ သင်တန်းတက်ရောက်သူစုစုပေါင်း (၇၁)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)