ပုသိမ်ကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲများပြုလုပ်

ပုသိမ်ကြီး အောက်တိုဘာ ၂၅

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်ပိုင်း(၁၀)နာရီက စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဖြစ်သည့် နံရံကပ်စာစောင်/ဓာတ်ပုံပြပွဲ၊ စာအုပ်စာစောင်ပြပွဲ နှင့် အသိပညာပေးဟောပြောပွဲများပြုလုပ်ခဲ့ကြောင်း သိရသည်။

တက်ရောက်လာသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ရုံး၌ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များကိုလည်းကောင်း၊ ပြည်သူ့စာကြည့်တိုက်အတွင်း၌ ပြသထားသော သုတရသစာအုပ်စာစောင်များကို ရှေးဦးစွာ လေ့လာကြည့်ရှုကြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောမှုများအား တက်ရောက်ဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲနှင့် ပြပွဲများသို့ စာပေချစ်မြတ်နိုးသူများအသင်းအဖွဲ့၀င်များ၊ Book Club အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇာနည်ကိုကို