မိုးညှင်း အောက်တိုဘာ ၂၄
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် အင်ကြင်းကုန်းကျေးရွာအုပ်စု၌ တောင်သူ ဦးထွန်းထွန်း၏ လယ်မြေကွင်းအမှတ် ၃၁၈၊ ဦးပိုင်အမှတ် ၂၈/၂ ရှိ စိုက်ဧက ၂ ဒဿမ ၁၉ ဧကတွင် ယနေ့နံနက်ပိုင်းက ဆင်းဧကရီ-၃ မိုးစပါးစံကွက် ရိတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမင်းဇော်နှင့် တောင်သူများက ပါဝင်ပူးပေါင်း ရိတ်သိမ်းခဲ့ကြပြီး ဆင်းဧကရီ-၃ မိုးစပါး တစ်ဧကလျှင် တင်း ၁၂၀ ဒဿမ ၁၂ တင်း ထွက်ရှိကြောင်း သိရသည်။
မိုးညှင်းမြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၆၀ ရှိ၍ ဒေသရေမြေနှင့် ကိုက်ညီသော အထွက်ကောင်း မျိုးသန့်စပါးဖြစ်သည့် ဆင်းဧကရီ-၃ စပါးမျိုးကို တောင်သူများက အများဆုံး ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်း၊ အခြားစပါးမျိုးများ ဖြစ်သည့် ငွေတိုး၊ ကောက်ညှင်းစသည့် စပါးမျိုးများကိုလည်း စိုက်ပျိုးကြလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ရွှေမိုးညှင်း