ကလောမြို့နယ်၌ စာဖတ်ရှန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကလော အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာန၊ ပညာရေးဦးစီးဌာန၊ အောင်ပန်းမြို့အမှတ်(၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်တို့ ပူးပေါင်း၍ ယနေ့မွန်းလွှဲ ၁ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အောင်ပန်းမြို့အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင်အမှတ်(၁၀) အခြေခံပညာအထက်တန်းကျောင်းကျောင်းအုပ် ဆရာကြီးကိုယ်စား တာဝန်ခံဆရာတစ်ဦးက အဖွင့်အမှာစကားပြောကြားပြီး အောင်ပန်းမြို့အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့စိတ်၊ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဝင်းညွှန့်ဦးက လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများအကြောင်းနှင့် လူမှောင်ခိုလူကုန်ကူးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းအေးခိုင်က စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတများရရှိစေရေး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များများဖတ်ရှူ့ဖို့လိုအပ်ကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ လူကုန်ကူးမခံရအောင်သိသင့်သည့်အချက်များပါဝင်သည့် နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာများ ပါဝင်သည့် နံရံကပ်စာစောင်နှင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များ ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာမှတ်သားခဲ့ကြကြောင်း သိရှိရသည်။

ကျော်ဝင်း(ပြန်/ဆက်)