နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ဘောလုံးဒိုင်သင်တန်းဖွင့်လှစ်

နောင်တရား အောက်တိုဘာ ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားမြို့ စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ စန္တားခမ်းဒေသဘောလုံးကော်မတီအဖွဲ့နှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဘောလုံးဒိုင်သင်တန်း (၁/၂၀၂၂)ကို ယနေ့နံနက် ၁၀:၃၀ နာရီ တွင် ဖွင့်လှစ်သည်။

မြန်မာနိုင်ငံတဝှမ်းလုံး မည်သည့်ဒေသမဆို ပြိုင်ပွဲဝင်တာဝန်ထမ်းဆောင်နိုင်သည့် ဒိုင်လူကြီး ပေါ်ထွက်လာစေရေး၊ အရည်အချင်းပြည့်မှီသည့် ဒိုင်လူကြီးပေါ်ထွက်လာစေရေး၊ ဘောလုံးဥပဒေ ပြန့်ပွားနိုင်ရေးနှင့် စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း၌ ပအိုဝ်းအမျိုးသားနေ့ကို ဂုဏ်ပြုသည့် ဘောလုံးပြိုင်ပွဲနှင့် ကျေးရွာများအတွင်း ကျင်းပသည့် ဘောလုံးပြိုင်ပွဲများတွင် ဒိုင်အခက်အခဲမရှိစေရေး စသည့်ရည်ရွယ်ချက်များဖြင့် (၁/၂၀၂၂) ဘောလုံးဒိုင်သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် စန္တားခမ်း ဘက်စုံဖွံ့ဖြိုးရေးကွင်း ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အဖွင့်အမှာစကား ပြောကြားသည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ဒါရိုက်တာ ဦးလှမြင့်က ဘောလုံးပြိုင်ပွဲအတွင်း ဒိုင်အရေးပါပုံနှင့် ဒိုင်သင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမို့မို့မောင်မှ အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး စန္တားခမ်းဘက်စုံဖွံ့ဖြိုးရေးကွင်း ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က လက်ခံရယူခဲ့သည်။

ဘောလုံးဒိုင်သင်တန်းကို ဒိုင်နည်းပြဆရာ နှစ်ဦးဖြင့် သင်တန်းပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၂၀ ရက်နေ့မှ ၂၇ ရက်နေ့အထိ သင်တန်းကာလ (၇)ရက်ဖြင့် သင်ကြားပို့ချပေးသည်။ အဆိုပါသင်တန်းသို့ ပင်လောင်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ သင်တန်းသား (၅၀)ဦး တက်ရောက် သင်ကြားခဲ့ကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)