ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်း (၂/၂၀၂၂)ဖွင့်ပွဲ ကျင်းပ

တောင်ကြီး အောက်တိုဘာ ၂၀

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်း (၂/၂၀၀၂)ဖွင့်ပွဲကို အောက်တိုဘာ(၂၀)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ် ကမ္ဘောဇခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပညာရေးဝန်ကြီးဌာနအနေဖြင့် ဆရာအတတ်ပညာကဏ္ဍတွင် ပုံမှန်အားဖြင့် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူသင်တန်းကို ရန်ကုန်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်(၂)ခုတို့မှာ နှစ်စဉ်ဖွင့်လှစ်ပို့ချပေးလျက်ရှိပြီး အခြေခံပညာ ဦးစီးဌာနရှိ အခြေခံပညာကျောင်းများ၌ ပညာရေးဘွဲ့ ရရှိရန်လိုအပ်နေသေးသော ဆရာဦးရေ တစ်သိန်းကျော် ကျန်ရှိနေသေးသောကြောင့် ထိုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးဒီဂရီကောလိပ်(၂၅)ကျောင်းတွင် တိုးချဲ့ပြီး ပညာရေးဘွဲ့(B.Ed) စာပေးစာယူ သင်တန်းများဖွင့်လှစ်ရန် တာဝန်ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ ယခု ၂၀၂၂ ပညာသင်နှစ်တွင် အခြေခံပညာဦးစီးဌာနနှင့် ဆရာအတတ်ပညာဦးစီးဌာနတို့မှ ပညာရေးဘွဲ့ (B.Ed) မရရှိသေးသည့် ဆရာ၊ ဆရာမများနှင့် ရုံးဝန်ထမ်းများအတွက် ရည်ရွယ်ပြီး ပညာရေးဘွဲ့(စာပေးစာယူ) ပထမနှစ်(ဒုတိယအသုတ်) သင်တန်းကို ပညာရေး ဒီဂရီကောလိပ်(၂၅)ကျောင်းတွင် ၂၀၂၂ ခုနှစ် အောက်တိုဘာလ(၁၁)ရက်မှ နိုဝင်ဘာလ(၂၃)ရက်နေ့ထိ အနီးကပ်သင်တန်း ကာလအဖြစ် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း၊ သင်တန်းသားဦးရေအနေဖြင့် ရှမ်းပြည်နယ် တောင်ကြီးခရိုင်တွင်(၂၈၉)ဦး၊ လွိုင်လင်ခရိုင်တွင်(၆၀)ဦး၊ လင်းခေးခရိုင်တွင်(၂၄)ဦး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ်တွင်(၉)ဦး စုစုပေါင်း(၃၈၂)ဦးတို့ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ပညာရေးဒီဂရီ ကောလိပ်(၃)ကျောင်းတွင် ပညာရေးဘွဲ့(B.Ed) စာပေးစာယူ သင်တန်းကိုတိုးချဲ့ဖွင့်လှစ်ခြင်းအားဖြင့် ရှမ်းပြည်နယ် အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများအတွက် စဉ်ဆက်မပြတ် သင်ယူမှုအခွင့်အလမ်းများ ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ တောင်ကြီးပညာရေးဒီဂရီကောလိပ် ပညာရေးဘွဲ့(B.Ed) စာပေစာယူသင်တန်းအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ် (၁၀) သိန်းကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ လက်ခံရယူပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းကြူဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ နှင့် တာဝန်ရှိသူများက ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြကြောင်း သိရသည်။

အဆိုပါ ပညာရေးဘွဲ့(B.Ed) စာပေးစာယူသင်တန်းကို တက်ရောက်သူ ဆရာ(၃၂)ဦး၊ ဆရာမ(၃၅၂)ဦး၊ စုစုပေါင်း (၃၇၅)ဦး တက်ရောက်၍ သင်တန်းကို အောက်တိုဘာလ(၁၁)ရက်မှ နိုဝင်ဘာလ(၂၃)ရက်ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အင်းသားလေး(တောင်ကြီး)