တောင်ကြီး အောက်တိုဘာ ၂၀
ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးများကို အထောက်အကူပြုစေပြီးဒေသတွင်း ကုန်သည်လုပ်ငန်းရှင်များကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများရှိစေရန်အတွက် ကုမ္ပဏီလေးခုမှ အခြားနည်း အသုံးပြုခွင့် လျှောက်ထားခြင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်ချက်များကို လာရောက်ရှင်းလင်းခြင်းကို ယနေ့ နံနက်(၁၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှင်းလင်းခြင်းတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှမ်းပြည်နယ် အစိုးရအဖွဲ့၏အဓိက ရည်မှန်းချက်အနေဖြင့် ပြည်နယ်အတွင်း နေထိုင်ကြသည့် ပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြည်နယ်တွင်း ဘက်စုံ၊ ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၏ ဒေသဖွံ့ဖြိုးရေးများကို များစွာ အထောက်အကူပြုစေမှာဖြစ်ပြီး ဒေသတွင်း ကုန်သည်လုပ်ငန်း ရှင်များကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေ၍ ဒေသဖွံ့ဖြိုးရေးကို မြှင့်တင်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ Hotel စီမံကိန်းနှင့် ပတ်သက်သော Myanmar Commercial Development C.,Ltdကုမ္ပဏီမှ ရှင်းလင်းခြင်း၊ ယာဉ်ယန္တရား စက်ပစ္စည်းဂိုဒေါင်နှင့် အလုပ်သမားတန်းလျား ဆောက်လုပ်ရေးကိစ္စနှင့် ပတ်သက်၍ ဦးရန်နိုင်မှ ရှင်းလင်းခြင်း၊ အပန်းဖြေ လူနေအိမ်ရာများ ဆောက်လုပ်နေထိုင်ရန်ကိစ္စနှင့် ပတ်သက်၍ ဒေါ်ဇာခြည်အောင်မှ ရှင်းလင်းကြပြီး တက်ရောက်လာသည့် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အထွေထွေဆွေးနွေးကြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးကာ နိဂုံးချုပ် စကားပြောကြားကြောင်း သိရသည်။
အင်းသားလေး(တောင်ကြီး)