ဒလ အောက်တိုဘာ ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ဆောင်းသီးနှံ နေကြာစိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် တွံတေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်ကျော်က နေကြာစိုက်ခင်းနှင့်ပတ်သက်၍ စိုက်ပျိုးဧကအား ရာနှုန်းပြည့်စိုက်ပျိုးသွားရန် လမ်းညွှန်အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တွံတေးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးခင်မောင်ဦးက နေကြာစိုက်ပျိုးရေးနည်း စနစ်ကောင်းများ၊ မျိုးရွေးချယ်ပုံ၊ စိုက်ပျိုးချိန်ကြာမြင့်ချိန်၊ အပင်ပြုစုစောင့်ရှောက်ခြင်း၊ ပိုးမွှားရောဂါကာကွယ်နှိမ်နင်းခြင်းစသည့် အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဒလမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်မှ စီမံကိန်းဖြင့် စိုက်ပျိုးသော ဆောင်းသီးနှံနေကြာရာနှုန်းပြည့် စိုက်ပျိုးရန်အတွက်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထင်ကျော်၊ တွံတေးခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိဦးခင်မောင်ဦး၊ ဒလမြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌဦးစည်ကျော်နှင့် တက်ရောက်လာသောဌာနဆိုင်ရာမှတာဝန်ရှိသူများက ဆောင်းသီးနှံနေကြာစိုက်ပျိုးမည့် ကျေးရွာ(၂)ရွာရှိ မြေဧက(၁၀၀)အတွက် နေကြာမျိုးစေ့များကို တောင်သူများထံသို့ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
မြင့်ဇော် (ပြန်/ဆက်)