ပုဗ္ဗသီရိ အောက်တိုဘာ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်တို့က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "ချစ်လို့ပြောတာ မှတ်ပါ" စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယနေ့နံနက် ပိုင်းက ပုဗ္ဗသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (BookClub) အဖွဲ့ဝင်များဖြစ်ကြသည့် စာရေးဆရာစိန်ဝင်းနွယ် (ဘာသာပြန်)၊ စာရေးဆရာရဲမွန်ကျော်၊ စာရေးဆရာ ဘုန်းရဲနိုင်(ဂန့်ဂေါ)၊ စာရေးဆရာသဘာဝ၊ စာရေးဆရာမချယ်ချယ်(YU)တို့က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားထားသည့် "ချစ်လို့ပြောတာ မှတ်ပါ" စာအုပ်မှ စာပေရဲ့အရသာ၊ တကယ့်အဖိုးတန်ရေခံမြေခံ၊ သင်ယူပြုပြင်မှုအလေ့အထ၊ အောင်မြင်မှုအတွက် ကွက်လပ်တစ်ခု၊ အောင်မြင်ရေး ဆေးသုံးလုံး စသည့်အကြောင်းအရာများကို အပြန် အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသည့် စာပေဝါသနာရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများက မြို့နယ်ပြည်သူ့ စာကြည့်တိုက်မှပြသထားသည့် သုတ/ရသစာအုပ်စာစောင်များနှင့် အသိပညာ ပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သားငယ်(ပုဗ္ဗသီရိ)