စဉ့်ကူး အောက်တိုဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဝါရုံကုန်းကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ယမန်နေ့ နံနက်(၁၁) နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဝါရုံကုန်းကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာရှိ ဓမ္မပါလ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ ရပ်ကွက်/ကျေးရွာ ပြည်သူ့လုံခြုံရေး ဆိုင်ရာကိစ္စများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများလိုက်နာရမည့် အချက်များအား အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သော်တာထွန်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉) ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများနှင့် ပြည်သူ့စစ်နှင့် ပြည်သူ့လုံခြုံရေး ဆိုင်ရာကိစ္စများဆွေးနွေးကာ မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာန အလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်လာသည့် ဒေသခံပြည်သူများကိုယ်စား ပြည်သူ(၂)ဦးက တင်ပြခဲ့မှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြသည်။
စဉ့်ကူးမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းအသွင်ဖြင့် ဝါရုံကုန်းကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာသို့ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် ကြို့ပင်ကျေးရွာနေ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ သွားကျန်းမာရေးစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါများ စစ်ဆေးပေးခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးရန် သွေးအုပ်စုဓာတ်ခွဲစစ်ဆေးပေး ခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးခြင်း၊ ပုံစံ(၆၆/၆)တွင် မွေးတိုးစာရင်းထည့်သွင်းမှုနှင့် အတိုး/အလျှော့ပြင်ဆင်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများပါဝင်သော(၄၇)ဦးနှင့် ကျေးရွာပြည်သူ (၁၂၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်